Chapter 19: Part.19

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 33686

ဒေါက်! ဒေါက်!

ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် ပြောလက်စ စကားများကိုရပ်တန့်လိုက်သည် ။

" အော် ..မမေမာန်ထက် ရောက်နေတာလား "

ရုံးခန်းထဲသို့ဝင်လာသော ကောင်းမြတ်ရဲ့အမေးကိုအသာလေးခေါင်းငြိမ့် ပြလိုက်သည် ။

" ဘာကိစ္စရှိလို့လဲ အကိုကောင်းမြတ် "

" သခင်လေးသုတထက်ရဲ့အကြောင်းကို စုံစမ်းသူတွေရှိနေတယ် အကိုလေး "

ဒီစကားဟာ ထူးဆန်းတာတော့ မဟုတ်ပေမဲ့ အာရုံနောက်စရာကောင်းလှသည် ။

စားပွဲပေါ်က ကော်ဖီခွက်ကို လှမ်းယူလိုက်ပြီး တစ်ငုံသောက်လိုက်ကာ ....

" ရှင်းထုတ်လိုက်လေ "

ပြန်ဖြေသံမကြားရတော့ အကိုကောင်းမြတ်ကို မော့ကြည့်လိုက်ရာ တစ်ခုခုကို စိုးရိမ်နေပုံရသည် ။

" ဘာပြသနာရှိလို့လဲ အကိုကောင်းမြတ် "

" အဲ့လူတွေထဲမှာ မမလေးလဲပါနေတယ် "

ကော်ဖီခွက်ကို စားပွဲပေါ်လှမ်းထားတော့မဲ့ မောင့်လက်လေးဟာ ခဏတာရပ်တန့်သွားသည် ။

မောင့်ရဲ့မျက်နှာထက်တွင်လည်း ဝေခွဲရခက်နေတဲ့ အရိပ်အယောင်များကို တွေ့လိုက်ရသည် ။

ခုနကထိ တည်ငြိမ်နေခဲ့တဲ့ မောင်ဟာ ဟိုမိန်းမအကြောင်းလဲကြားရော တည်ငြိမ်ခြင်းတွေအစား

ကြောက်လန့်ခြင်းတွေ စိုးရိမ်ခြင်းတွေက နေရာဝင်ယူနေတော့သည် ။

မောင်ရဲ့စိတ်ကို ဆူးခက်နွယ်ဆိုတဲ့ မိန်းမဟာ ဒီလောက်ထိကို စိုးမိုးထားပါရောလား ။

" CCTV record တွေအထိရထားဝာာဆိုတော့ တော်တော်များများကို သိထားပြီထင်တယ် ..ဆက်မလိုက်နိုင်တော့အောင်လို့ တားထားတယ် အကိုလေး .... "

" အင်း..သိပြီ "

" ဒါဆို ..သွားခွင့်ပြုပါအုံး "

သက်ပြင်းရှည်ကြီးကိုသာ ချလိုက်ပြီး ရင်ဆိုင်ရမဲ့နေ့ရက်တိုင်းအတွက် ရင်လေးနေမိသည် ။

အမှန်တရားကို ဘယ်သူမှမသိအောင် ဆုပ်ကိုင်ထားရတဲ့ လက်တွေဟာလဲ နာကျင်လှပြီ ။

" အဆင်ပြေရဲ့လား "

" မောင်ခံနိုင်ရည်ရှိပါတယ် "

" သိပ်မုန်းတာဘဲ "

မမမေ ပြောလိုက်တဲ့ စကားကို နားမလည်ပေမဲ့ အသာသာ ငြိမ်နေလိုက်သည် ။

" ဆူးခက်နွယ်ဆိုတဲ့ မိန်းမကို သိပ်မုန်းတယ် "

" မောင်ကတော့ သိပ်ချစ်တယ် "

တဆက်တည်း ပြန်ပြောလာတဲ့ မောင့်စကားကြောင့် ခပ်ဖွဖွရယ်လိုက်မိသည် ။

မောင်ဟာ ကိုယ်တိုင်သာမက တစ်ဖက်လူကိုလဲ နာကျင်အောင် လုပ်တတ်ပါရောလား ။

" မောင်ဖုံးကွယ်ထားတဲ့ မောင့်အကြောင်းတွေ သိသွားခဲ့ရင်ရော မောင့်ကို အပြည့်အဝယုံကြည်မှု ပေးနိုင်မယ်ထင်လို့လား "

" မောင်က မကိုသိပ်ချစ်သလို .. မလဲ မောင့်ကိုချစ်တယ် ...

မောင် မကိုယုံကြည်သလို မလဲမောင့်ကို ယုံကြည်ပေးမှာပါ "

" သေချာလို့လား ... မောင့်မျက်ဝန်းတွေမှာ ကြောက်ရွံ့မှုတွေကို တွေ့နေရတယ် ..

မောင့်ကို ယုံကြည်တယ်ဆိုရင် သုတထက်အ‌ကြောင်းကို ဘာစုံစမ်းစရာလိုသေးလဲ "

ငြိမ်ကျသွားတဲ့ မောင့်ပုံစံကြောင့် ဟိုမိန်းမကိုပို၍ မုန်းသည် ။

မောင့်မျက်ဝန်းတွေကနေတစ်ဆင့် မောင့်စိတ်အခြေအနေကို ခန့်မှန်းနိုင်သည်အထိ မောင့်ရဲ့အလုံးစုံကိုသိသည် ။

သို့သော် မပိုင်ပါ ။

မောင့်ရဲ့ ကိုယ်ရော စိတ်ရောအလုံးစုံဟာ ဆူးခက်နွယ်ဆိုတဲ့ အမျိုးသမီးဆီမှာသာ ။

မောင့်ရဲ့ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းကလဲ ထိုအမျိုးသမီးကြောင့်သာ ။

မောင့်ကို ထိုအမျိုးသမီးနည်းတူ ချစ်သည် ၊ ပိုင်ဆိုင်ချင်သည် ။

သို့သော် အတ္တကြီးစွာမလုယူပါ ။

မောင်သိပ်ချစ်ရတဲ့ အမျိုးသမီးဟာ သူဖြစ်နေသည်ကြောင့်ပင် ။

ရင်နာနာနဲ့ ငေးကြည့်နေရတဲ့ အရာတွေဟာ သိပ်မြတ်နိုးဖွယ်ကောင်းလှသည် ။

****************

" မကမောင့်ကို လိုက်ရှာနေတာ .. မောင်ကဒီရောက်နေတာကို "

နှင်းဆီဖြူတွေကို ငေးကြည့်နေတဲ့ အဖြူရောင်ကောင်လေးရဲ့ ခေါင်းကိုအသာပုတ်ကာ ဆံပင်လေးတွေကို ဖွပေးလိုက်သည် ။

အပြုံးချိုချိုလေးတွေ ပေါ်လာတဲ့ မောင်ရဲ့ပါးလေးကို အူယားလွန်း၍ တစ်ချက် နမ်းရှိုက်လိုက်မိသည် ။

" မ အပြင်သွားနေတယ်ဆိုလို့..

မောင်လဲပျင်းနေတာနဲ့ ဒီကိုလာခဲ့လိုက်တာ "

" အိမ်ထဲမှာ ဖေဖေနဲ့မေမေ ရှိတာဘဲကို "

" မ မှမရှ်ိဝာာ "

မောင့်စကားကြောင့် ကြောင်တောင်တောင်ဖြစ်သွားရသည် ။

မောင်ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ချက်ချင်းမစဉ်းစားနိုင် ။

" မ မရှိတာနဲ့ ဘာဆိုင်လို့လဲ "

" မ မရှိရင် မောင့်ဘဝက အရမ်းခြောက်ကပ်သွားမှာ

ဟင့်အင်း.. မ မရှိရင် မောင်သေမှာ ..မရဲ့

အဲ့တာကြောင့် မောင့်ကိုမောင်းမထုတ်ပါနဲ့ မောင့်ဆီကနေလဲ ထွက်မသွားပါနဲ့နော် ...."

မျက်ရည်လေးတွေ ဝဲတက်လာတဲ့ မောင့်ကို အသာဆွဲဖက်လိုက်သည် ။

မောင်အပြင်မှာ ဘာတွေဖြစ်ခဲ့လဲ မသိပေမဲ့ မောင့်ရဲ့ကျလုဆဲဆဲ မျက်ရည်တွေကြောင့် ရင်ထဲမှာတဆစ်ဆစ်နဲ့ နာကျင်ရသည် ။

" မောင့်ကို မမောင်းထုတ်သလို မောင့်ဆီကနေလဲ ဘယ်တော့မှ ထွက်မသွားပါဘူး ... စိတ်ချနော် ..

မ‌ မောင့်ဆီက ထွက်သွားတဲ့နေ့ဟာ မ သေတဲ့နေ့ဘဲဖြစ်လိမ့်မယ် "

ခါးသို့တင်းကြပ်စွာ ဖက်တွယ်လာတဲ့ မောင့်လက်ကလေးတွေ ၊ တရှို့ရှို့နဲ့ငိုနေတဲ့ မောင့်ရဲ့ရှိုက်သံလေးတွေဟာ မောင်ဝမ်းနည်းနေကြောင်းကို ဖော်ပြနေသည် ။

ဘယ်လိုအကြောင်းတွေက မောင့်ကိုဝမ်းနည်းစေသလဲ ။

မျိုသိပ်တတ်လွန်းတဲ့ မောင့်ကို နာကျင်ခြင်းတွေမှ အပြီးတိုင်ကင်းဝေးစေလိုသည် ။

အဖြူရောင်ကိုဘဲ ကြိုက်နှစ်သက်တဲ့ မောင်ဟာ အဖြူရောင် ပျော်ရွှင်မှုရပ်ဝန်းနဲ့ဘဲ လိုက်ဖက်သည် ။

မောင့်ရဲ့ ပျော်ရွှင်ခြင်းအမှတ်အသားဖြစ်တဲ့ အပြုံးချိုချိုလေးတွေ ၊ ပါးချိုင့်နက်နက်လေးတွေ ၊သွားတက်ဖွေးဖွေးလေးတွေ မြင်ရတဲ့အချိန်ဟာ နိဗ္ဗာန်ဘုံသာ ဖြစ်သည် ။

ဘယ်လိုအကြောင်းမျိုးနဲ့မှ မောင့်ကို ဝမ်းမနည်းစေချင် ။

****************

ပျော်ရွှင်ချိန်တွေဟာ ပိုင်ဆိုင်ချိန် သိပ်တိုတောင်းလှတယ် ။

အရပ်သုံး စကားလေးတစ်ခွန်း ဖြစ်တဲ့

ငိုပြီးရင် ပျော်ရသလို

ပျော်ပြီးရင် ငိုရတတ်တယ်တဲ့ ။

ငိုပြီးရင် ငိုနေရတဲ့ ကျနော့်ရဲ့နေ့ရက်တွေဟာ အမှောင်ကမ္ဘာထဲတွင်သာ ။

ဆက်လျှောက်ဖို့လဲလမ်းမမြင်ရသလို

ဖက်တွယ်စရာ တစ်စုံတစ်ခုမှ ရှိ‌မနေတော့တဲ့ အချိန်‌တွေဟာ ပိုမွန်းကြပ်ဖွယ်ကောင်းသည် ။

စိတ်တွေသေသွားတဲ့အခါ ရှင်သန်နေရတဲ့နေ့ရက်တွေဟာလဲ အဓိပ္ပါယ်ရှိပါအုံးတော့မလား ။

*****************

မနက်ခင်းကတည်းက ဗလာနတ္ထိဖြစ်နေတဲ့ စိတ်တွေဟာ အလုပ်ပေါ်မှာလဲ အာရုံစိုက်မရသလို ဘာတစ်ခုကိုမှလဲ စိတ်ပါလက်ပါရှိမနေခဲ့ ။ အလွဲလွဲအချော်ချော်တွေ ဖြစ်နေတဲ့ ဒီတစ်နေ့တာဟာ သိပ်စိတ်ပျက်ဖွယ်ကောင်းလှသည် ။

" အကိုလေး..အဆင်ပြေရဲ့လား ... မနက်ကတည်းက ကြည့်နေတာ အဆင်ပြေပုံမရဘူး "

ကားမောင်းနေရင်း လှမ်းမေးလာတဲ့ အကိုကောင်းမြတ်တောင် သတိထားမိပုံရသည် ။

" မသိတော့ပါဘူး ... အကိုကောင်းမြတ်ရယ် .. မနက်ကတည်းက ဘာကိုမှ အာရုံထားမရဘူး ဖြစ်နေတာ "

" ဆေးခန်းဝင်လိုက်မလား .. ကျနော်ကားပြန်လှည့်ပေးမယ် "

" အဲ့လောက်ထိမလိုပါဘူး.. အိမ်ကိုဘဲ မောင်းလိုက်ပါ "

ကားမောင်းလာတဲ့ တစ်လျှောက်လုံးလဲ စိတ်နဲ့ကိုယ်မကပ်သလို မျက်စိရှေ့မှာမြင်နေရတဲ့ ခြံတံခါးကိုကြည့်ရင်း စိတ်တွေဟာလေးလံလာသည် ။

ပုံမှန်အိမ်ပြန်ချိန်‌တွေနဲ့မတူဘဲ စိတ်ပျက်ဖွယ် ဒီနေ့ဟာ ဘာကြောင့်များ စိတ်တွေကို အစိုးမရနေခဲ့သလဲ ။

ကားဘီးများတုန့်ကနဲ့ ရပ်သွားသည်နှင့် လေးလံသော ခြေထောက်များဖြင့် အိမ်ထဲသို့ ဝင်လာလိုက်သည် ။

ဝင်ဝင်ချင်း ဧည့်ခန်းထဲတွင် ဖေဖေ၊ မေမေ ၊ မ အပြင် မြင်ဖူးသလိုလို ရှိတဲ့ ယောကျာ်းတစ်ဦးကိုပါတွေ့လိုက်ရသည် ။

ကျနော်ဝင်လာတာကို တွေ့တော့ ဖေဖေနဲ့မေမေဟာ ဝေခွဲရခက်တဲ့ အကြည့်တွေနဲ့ လှမ်းကြည့်လာကြသည် ။

သူစိမ်းယောကျာ်းကတော့ တစ်ချက်သာ လှည့်ကြည့်ပြီး ချက်ချင်းမျက်နှာလွှဲသွားခဲ့သည် ။

ထူးဆန်းနေသည်က မ

မဟာ ကျနော့်ဘက်သို့ လှည့်ကြည့်လာခြင်းမရှိဘဲ စားပွဲပေါ်က စာရွက်တွေကိုသာ မလှုပ်မယှက်စိုက်ကြည့်နေခဲ့သည် ။

မရဲ့ အခုလိုပုံစံကို ဘဝင်မကျသလို ကြောက်လဲကြောက်မိသည် ။

" ဧည့်သည် ရောက်နေတာလား "

သူစိမ်းလူတစ်ယောက်ကို အိမ်တွင်မြင်ရသဖြင့် ဝတ္တရားအရမေး လိုက်ခြင်းသာဖြစ်သည် ။

သူစိမ်းယောကျာ်းရဲ့ မျက်လုံးတွေဟာ အငြိမ်မနေတော့သလို တစ်ခုခုကို စိတ်လှုပ်ရှားနေဟန်ရသည် ။

ကျနော့်အသံကြားမှ မဟာ စားပွဲပေါ်မှ အကြည့်ခွာခဲ့သည် ။

လှည့်ကြည့်လာခဲ့တဲ့ မရဲ့မျက်ဝန်းတွေဟာ သိပ်ကြောက်ဖို့ကောင်းသည် ။

ပြန်မလိုချင်ဘူး..

အရင်တချိန်တွေက ရရှိခဲ့တဲ့ အကြည့် ၊

အမုန်းတရားတွေအပြည့်နဲ့ ကြည့်ခဲ့တဲ့ အကြည့်တွေကို

ယခုအချိန်မှာ တစ်ဖန်ထပ်မြင်လိုက်ရတော့ ခေါင်းတည့်တည့်မိုးကြိုး ပစ်ချခံရသလို တစ်ကိုယ်လုံးကသွေးတွေ မရှိတော့သလို ကြောက်လန့်မှုတွေဟာ ကြီးစိုးလာခဲ့သည် ။

" သုတမောင် !"

ခပ်မာမာ လေသံနှင့် သူစိမ်းဆန်စွာ ထွက်ပေါ်လာတဲ့ မရဲ့အသံ ၊ အခေါ်အဝေါ်

ဟင့်အင်း... အဲ့လို သူစိမ်းဆန်တဲ့ အခေါ်အဝေါ်မျိုးကို အရမ်းမုန်းသည် ။

နောက်တစ်ဖန် မ နှုတ်ခမ်းထက်က ထွက်ပေါ်လာတဲ့ ဒီလိုလေသံမျိူးကို အရမ်းမုန်းသည် ။

" မ.. ဘာ...ဘာဖြစ်လို့လဲ ..

မောင် ဘာအမှားတွေများ လုပ်ထားမိလို့လဲ "

" နင်လုပ်ထားတဲ့ အမှားကို နင်မသိဘူးလား "

မောင်လို့တောင် မခေါ်တော့တဲ့ မရဲ့ပုံစံဟာ ကျနော့်အတွက် တုန်လှုပ်ဖွယ်ကောင်းလှသည် ။

ဒီလိုအခြေအနေထိဖြစ်အောင် ကျနော်ဘာတွေများ အမှား လုပ်ထားမိသနည်း ။

" မောင်.. မောင် ဘာလုပ်မိလို့လဲ "

လည်ပင်းထဲ တစ်စုံတစ်ခုတစ်ဆို့နေသလို ခံစားမိပြီး မျက်လုံးတွေ နားတွေထူပူကာ ခြေဖျားလက်ဖျားများတော့ အေးစက်လာသည် ။

မရဲ့ အမုန်းတွေကို တစ်ချိန်က ခံနိုင်ရည်ရှိခဲ့ပေမဲ့

ယခုချိန်တွင်တော့ ခံနိုင်အားပျောက်ဆုံးနေသည်မှာအမှန် ။

" နင်က နင်လုပ်ထားတဲ့ အမှားကို မသိဘူးဆိုတော့

နင်သိအောင်လုပ်ရတော့မှာပေါ့ "

မသည် စားပွဲပေါ်က ဖုန်းတစ်လုံးကို ကောက်ယူလိုက်ပြီး ကျနော်ဆီသို့ ထိုးပေးလာခဲ့သည် ။

အေးစက်တုန်ရီနေတဲ့ လက်အစုံးနှင့် ဖုန်းကို ယူလိုက်ကာ ...

" နင်ကိုယ်တိုင် နင့်မျက်လုံးနဲ့သေချာကြည့်လိုက် "

ဖုန်းကိုဖွင့်ဖွင့်လိုက်ချင်း ဗီဒီယို တစ်ပုဒ်ကိုတွေ့လိုက်ရသည် ။

" ဒီကိစ္စကို မရရတဲ့နည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ပေးပါ .. ကိစ္စတွေအားလုံးပြီးသွားရင် ခင်ဗျားတောင်းတဲ့ ငွေကိုပေးမယ် "

ဒီစကားပြောလိုက်တဲ့ ဗီဒီယိုထဲကလူဟာ ကျ‌‌ေနာ်ကိုယ်တိုင်သာဖြစ်သည် ။

တစ်ဖက်လူကတော့ အခုအိမ်ပေါ်သို့ရောက်နေသော သူစိမ်းယောကျာ်းသာဖြစ်သည် ။

မြင်ဖူးသလိုလိုရှိတဲ့ ထိုလူကို အခုမှသာ အပြည့်အဝမှတ်မိတော့သည် ။

" ဒါက ဘာဖြစ်လို့လဲ မရဲ့ "

ဒါဟာ သာမန်videoတစ်ပုဒ်လို ဖြစ်နေခဲ့ပြီး အစနဲ့အဆုံးမပါသလို တစ်ပိုင်းတစ်စသာ ဖြတ်တောက်ထားသော videoတစ်ပုဒ်သာဖြစ်သည် ။

" ဘာ!... ဘာဖြစ်လို့လို့လဲဟုတ်လား ...သုတမောင် "

ဒေါသသံများ လွှမ်းမိုးနေတဲ့ မရဲ့အသံဟာ တစ်အိမ်လုံးကို လွှမ်းမိုးသွားခဲ့သည် ။

ဘာတစ်ခုကိုမှ ‌သေသေချာချာ နားမလည်နိုင်သေးတဲ့ ကျနော့်အတွက်တော့ မရဲ့ ဒေါသတွေဟာ တစ်ဖက်သတ်ဆန်နေခဲ့သည် ။

ဘာအကြောင်းကြောင့် မဟာ ဒီလောက်ဒေါသထွက်နေရသလဲ ။

" မက ဘာဖြစ်လို့ ဒီလောက်ဒေါသထွက်နေရတာလဲ ..

ဘာအကြောင်းကြောင့်လဲဆိုတာ သေချာမသိသေးပေမဲ့ စိတ်ကိုလျှော့ပါ မရဲ့ ..မောင်တောင်းပန်ပါတယ် "

" ငါက ဘယ်လိုလုပ် စိတ်ကိုလျှော့နိုင်မှာလဲ ... ဟမ်..

နင့်ကြောင့်နဲ့ ငါချစ်ရတဲ့သူ တစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတာလေ "

" မ.. ဘာတွေပြောနေတာလဲ .. မောင်ဘာမှနားမလည်တော့ဘူး "

" အေး... နင်နားမလည်ရင် နားလည်အောင်ပြောပြရတာပေါ့ ... နင် .. သုတထက်ကို သတ်ဖို့အတွက် ဟိုလူကို ငွေပေးပြီးခိုင်းခဲ့တာ မဟုတ်လား.. ဟမ်.."

မဆီမှ ကြားလိုက်ရသော စကားတွေဟာ အံ့အားသင့်ဖို့ကောင်းလှသည် ။

မဟာ ဘာအကြောင်းတွေကြောင့် ကျနော့်ကို နောက်တစ်ဖန် စွပ်စွဲနေခဲ့တာလဲ ။

" မဟုတ်ဘူး ... မောင်အဲ့လိုကိစ္စတွေကို တွေးတောင်မတွေးဖူးဘူး "

" ဒီဗီဒီယို တစ်ခုလုံးရှိနေ‌တာ‌တောင်မှ နင်ကငြင်းချင်သေးတယ်ပေါ့ "

မဟာ တလွဲသဘောက်ပေါက်သွားခဲ့သည် ။

အစအဆုံးမရှိတဲ့ တစ်ပိုင်းတစ်စ ဗီဒီယိုလေးကို မဟာ အသားလွတ်ယုံကြည်နေသည် ။

မရဲ့ စကားကြမ်းကြမ်းတွေဟာ နာကျင်ရတယ်ဆိုပေမဲ့ ဗီဒီယိုတစ်ခုလောက်တောင် ယုံကြည်မှုမရနေတဲ့ ဒီအခိုက်အတန့်ဟာ အူထဲ အသည်းထဲထိ နာကျင်ရသည် ။

" မောင်ငြင်းနေတာမဟုတ်ဘူး... မရဲ့... မဟုတ်တာကို မဟုတ်တဲ့အကြောင်းဘဲ ပြောပြနေတာ "

" ဘာမဟုတ်တာလဲ ... ဒီမှာကြည့် ဒါတွေကရော "

စားပွဲပေါ်က စာရွက်တချို့ကို ပစ်ပေါက်ပေးလာခဲ့သည် ။

ပိုင်ဆိုင်မှုပြ အထောက်အထားစာရွက်တွေရယ် လွှဲပြောင်းခြင်းမှာ လက်မှတ်ထိုးထားခြင်းမရှိသေးသော ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း စာရွက်စာတမ်းတွေသာဖြစ်သည် ။

" နင်ဒီစည်းစိမ်တွေကို လိုချင်နေလို့ သုတထက်ကို သတ်ခိုင်းခဲ့တာ မဟုတ်လား ...

အခုထိ ဒီပိုင်ဆိုင်မှုတွေအားလုံးက သုတထက်နာမည်နဲ့ဘဲရှိနေတုန်း ... အဲ့တာကြောင့် နင်သုတထက် အဖြစ်ဟန်ဆောင်နေခဲ့တာမလား .. "

" ဟာ... မဟုတ်ဘူး မရဲ့.. ဒါတွေက အမှန်တွေမဟုတ်ဘူး "

" ဒါတွေက အမှန်‌တွေမဟုတ်ဘူးဆို ဘာတွေက အမှန်လဲ ..

တစ်ဖက်က လက်မှတ်မထိုးထားသေးဘဲ နင်ကအတင်းတွေ လက်မှတ်ထိုးထားတာ .. ဒါတွေက နင်ဒီစည်းစိမ်တွေကို မက်မောနေကြောင်း သက်သေပြနေတာလေ .. ဒါတွေကိုတောင် အမှန်မဟုတ်ဘူးလို့ ငြင်းချင်သေးတာလား "

ထိုင်ခုံတွင် ထိုင်နေကြထိုင်နေကြသော လူသုံးယောက်ကို လှမ်းကြည့်လိုက်တော့ ကိုယ်စီ အကြည့်လွှဲသွားကြသည် ။

ဘယ်လိုစကားတွေကြောင့်များ မဟာ ဒီလောက်ထိ ယုံကြည်မှုပြင်းထန်သွားရတာလဲ ။

" မောင်ရှင်းပြတာကို နားထောင်ပါအုံး "

" ဘာကို ရှင်းပြအုံးမှာလဲ .. ဘာလဲ သနားစရာကောင်းအောင် ဇာတ်လမ်းတွေဆင်အုံး မလို့လားဟမ်! "

" မဟုတ်ဘူး.. မရဲ့ ... ဒါတွေက အမှန်တွေ မဟုတ်ဘူး... မောင်ပြောတာကို နည်းနည်းလောက်နားထောင်ပေးပါအုံး "

" ဘာမှနားထောင် စရာမလိုဘူး ... နင်က သိပ်ကြောက်စရာကောင်းတဲ့ လူဘဲ ..သိပ်ရွံဖို့ကောင်းတယ် "

တစ်ဖက်သတ်ဆန်နေတဲ့ မရဲ့ စကားတွေကို ပြန်ချေပဖို့ ဘယ်လိုအင်အားနဲ့ ဘယ်လိုစကားလုံးတွေက ကယ်နိုင်ပါအုံးမလဲ ။

ဘယ်လိုသွေးထိုးစကားတွေကြောင့်များ မဟာ အခုလိုပုံစံထိ ပြောင်းလဲသွားခဲ့တာလဲ ။

ရှေ့မှာထိုင်နေတဲ့ လူသုံးယောက်ကို ကြည့်လိုက်တော့ သူတို့ရဲ့ မျက်နှာထက်က အမူအရာတွေကို မုန်းသည် ။

စိတ်မကောင်းစွာနဲ့ ကြည့်လာတဲ့ သူတို့ရဲ့ အကြည့်တွေကိုမုန်းသည် ။

ဒါတွေဟာ အမှန်တရားဆိုပေမဲ့ တစ်ဝက်သာမှန်သည် ။

မဟာ မောင့်ကို ရှင်းပြခွင့်ပင်မပေးခဲ့ချေ။

ရင်ဘတ်ထဲတွင် ဆို့နစ်မွန်းကြပ်လာခဲ့ပြီး ခံနိုင်ရည်အားများ ပျောက်ဆုံးလာခဲ့သည် ။

ခေါင်းထဲတွင် ဗလာနတ္ထိဖြစ်နေသလို မုန်းတီးစွာကြည့်နေတဲ့ မရဲ့အကြည့်များကြောင့် ရင်ထဲတွင် ပို၍တင်းကြပ်လာခဲ့သည် ။

စကားသံတွေ ထပ်မထွက်နိုင်ထိ အသက်ရှူရခက်လာခဲ့ပြီး လက်သီးကိုသာ တင်းတင်းဆုပ်ထားမိသည် ။

" နင့်ကိုအရမ်းမုန်းတယ် ..သုတမောင် !

နင့်ကို ဒီလောက်ထိ အောက်တန်းကျလိမ့်မယ်လို့ မထင်ထားဘူး .. နင်က သိပ်ကြောက်ဖို့ကောင်းပြီး သိပ်ရွံဖို့ကောင်းတယ် .. နင့်လိုလူမျိုးကို ချစ်ခဲ့မိတာ နောင်တရမဆုံးဘဲ "

ရက်စက်စွာပြောထွက်လာတဲ့ မရဲ့စကားလုံးတိုင်းဟာ ဆူးတစ်ချောင်းပမာ တစ်ချောင်းချင်း နာကျင်စွာ ထိုးစိုက်လာခဲ့သည် ။

နာသည် ... အရမ်းနာသည် ..

အော်ဟစ်ခြင်းမရှ်ိပေမဲ့ ရင်ထဲက နာကျင်မှုတွေဟာ အသက်ဆက်မရှင် ချင်တော့လောက်အောင်ထိ ‌နာကျင်နေရသည် ။

နာကျင်ခြင်းတွေနဲ့ အသားကျသည့်တိုင်အောင် နာကျင်ခြင်းတွေဟာ ထပ်ခါတလဲလဲ...

ဘာကြောင့်များ .. ဘာကြောင့်များလဲလို့ မမေးချင်တော့လောက်အောင် ကံကြမ္မာဟာ ရက်စက်လှသည် ။

မဟုတ်ဘဲနဲ့ သည်းခံနေရတဲ့ အခိုက်အတန့်တွေ

မမှားဘဲနဲ့ အောက်ကျခံနေရတဲ့ အခိုက်အတန့်တွေ

မှန်နေရက်နဲ့ တောင်းပန်နေရတဲ့ အခိုက်အတန့်တွေ

ကို မုန်းသည် ။

ဒီအခိုက်အတန့်တွေကို အရမ်းမုန်းသည် ။

မျက်နှာသာမပေးတဲ့ ကံကြမ္မာကို မုန်းသလို ဒီကံကြမ္မာအတွက် မွေးဖွားလာခဲ့တဲ့ ကိုယ့်ကိုကိုယ်ကို ပို၍ မုန်းသည် ။

##############

ပျော်ရွှင်ခြင်းတွေကိုသာ အပိုင်ရမယ်ဆိုရင် ကိုယ်သိပ်ချစ်ရတဲ့ မင်းနဲ တစ်ဘဝလုံးပျော်ပျော်ရွှင်ရွှင်နေထိုင် သွားချင်သည် ။

တစ်ယောက်တည်းသာ ပျော်ရွှင်ခွင့်ရခဲ့လျှင် ကိုယ်သိပ်ချစ်ရတဲ့ မင်းသာပျော်ပါစေတော့ ။

ဘာလို့ဆို ကိုယ်ဟာ နာကျင်ခြင်းတွေနဲ့ နေသားကျနေခဲ့ပြီး ဖြစ်တဲ့အတွက် မပျော်ရွှင်ရလဲ ကိစ္စမရှိပါ ။

မင်းပျော်ရွှင်နေတာလေးကိုဘဲ ငေးကြည့်ရုံလောက်နဲ့ ကိုယ့်ဘဝဟာ ပြည့်စုံနိုင်မယ် ထင်သည် ။

################