Chapter 18: Part .18

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 29650

တီ.......တီ...

ကားဟွန်းတီးသံကြောင့် security တစ်ယောက်ဟာပြေးလာခဲ့ပြီး....

" ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ "

" သု တ ထက်နဲ့ တွေ့ချင်လို့ "

ခပ်ရဲရဲနှုတ်ခမ်းပါးထက်က တစ်လုံးချင်းထွက်ကျလာတဲ့ သူမရဲ့ စကားသံဟာ မာထန်လှသည် ။

" အကိုလေးနဲ့ အသိလားဗျ .. အစ်မကိုတော့ တစ်ခါမှမမြင်ဖူးဘူး "

" မေ မာန် ထက် ဆို သိမလား "

Security ဟာ စဉ်းစားနေသယောင်နဲ့ ခေါင်းကုတ်နေခဲ့သည် ။

" ငါ့အချိန်တွေ ကုန်တယ် .. တံခါးသာ သွားဖွင့်စမ်းပါ "

ခပ်တင်းတင်းဆိုလိုက်သော သူမရဲ့ လေသံအောက်မှာ security ဟာ တံခါးကို အလျှင်အမြန်သွားဖွင့်လိုက်သည် ။

ခြံဝင်းကျယ်ကြီးတစ်လျှောက် မောင်းဝင်လာခဲ့သော ကားအနက်ရောင်တစ်စီးကို ခြံထဲကလူတော်တော်များများ အာရုံစိုက်နေကြသည် ။

ကားပေါ်မှဆင်းလာသော မိန်းကလေးမှာ ဂျင်းဘောင်းဘီနှင့် ရှပ်နက်ပြာရိုးရိုးကိုသာ ဝတ်ဆင်ထားသော်လည်း သူမဟာ အရှိန်အဝါကြီးဟန်တူသည် ။

ခပ်ရဲရဲနှုတ်ခမ်းပါးနှင့် မျက်ဝန်းများဟာ စူးရှလှသည် ။

အိမ်ထဲသို့ တစ်လှမ်းချင်းလှမ်းဝင်လာသော သူမရဲ့ပုံစံမှာ ဘာကိုမှဂရုမစိုက်ဟန်ဖြင့်သာ..

" ဧည့်သည်လာတယ်ဆိုလို့ ဘယ်သူများလဲလို့ မေမာန်ထက်ပါလား "

ဦးရှိုင်းသုတရဲ့အပြောကို သူမဟာ ဂရုမစိုက်ဟန်ပြုပြီး လက်ထဲကဖုန်းကိုသာ အာရုံစိုက်နေသည် ။

" လူကြီးကို လေးစားရမယ်ဆိုတာ မင်းအဖေကမသင်ပေးထားဘူးလား "

" ကျွန်မအဖေက လူကြီးတိုင်းကို လေးစားရမယ်လို့ သင်မပေးထားဘူး လေးစားစရာကောင်းတဲ့ လူကိုဘဲ လေးစားရမယ်လို့ သင်ပေးထားတာ ...

အော်.. နောက်ပြီလောဘစိတ်တွေကြီးစိုးနေတဲ့ သူတွေကို လေးစားရမယ်လို့လဲ မသင်ပေးထားပြန်ဘူး "

" မင်း စကားကို ဘယ်လိုပြောနေတာလဲ "

" ကြားတဲ့အတိုင်းဘဲလေ ...

ကျွန်မရှင်နဲ့ ရန်ဖြစ်လို့လာတာမဟုတ်ဘူး..

ကျွန်မ ဒီစံအိမ်ရဲ့ပိုင်ရှင်ဖြစ်သူနဲ့ တွေ့ဖို့လာတာ "

"မင်း... "

ခနဲ့တဲ့တဲ့ပြောလိုက်တဲ့ သူမရဲ့စကားက တစ်ဖက်လူရဲ့ ဒေါသကိုဆွပေးနေလိုက်သယောင် ။

" မမမေ "

လှေကားထိပ်မှ ထွက်ပေါ်လာတဲ့ အသံကြောင့် စကားသံတွေဟာတိတ်ဆိတ်သွားခဲ့ကြသည် ။

လှေကားပေါ်မှ အမျိူသမီးတစ်ဦးနှင့်အတူ ဆင်းလာသော မောင့်ကိုမြင်တော့ ခုနကခက်ထန်နေတဲ့ မျက်နှာထားဟာ ချက်ချင်း အသွင်ပြောင်းလဲသွားခဲ့သည် ။

" မမမေ ... ဘယ်လိုရောက်လာတာလဲ "

" တွေ့စရာအကြောင်းရှိလို့ပေါ့ "

ခပ်ပြတ်ပြတ်ပြန်ဖြေတဲ့ သူမရဲ့စကားဟာ ကြားရသူတိုင်းအတွက် အောင့်သက်သက်ဖြစ်ရပေမဲ့ ဒါဟာ သူမရဲ့ပုံမှန်အကျင့်သာဖြစ်သည် ။

" အော် ... ဒါဆို စာကြည့်ခန်းထဲသွားရအောင်လေ ..

ဒါနဲ့ မိတ်ဆက်ပေးရအုံးမယ် "

" မမမေ .. သူက မဆူးခက်နွယ်တဲ့ "

ခပ်ရဲရဲနှုတ်ခမ်းပါးဟာ အနည်းငယ်ကွေးညွတ်သွားပြီး...

" နာမည်ကတော့ ကြားဖူးနေတာကြာပြီ လူကိုတော့အခုမှမြင်ဖူးတာ ... တွေ့ရတာ ဝမ်းသာပါတယ် .. မေမာန်ထက်ပါ ..

သုတထက် အင်း သုတမောင်ရဲ့ အစ်မဝမ်းကွဲ "

" ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ဆူးခက်နွယ်ပါ "

ထိတွေ့လိုက်တဲ့ လက်ဖဝါးနှစ်ခုကြားမှာ အမှန်တကယ် ဝမ်းသာကြသည်သလား ။

"မရောက်ဖြစ်တာ ကြာတာတောင် အရင်အတိုင်းဘဲနော် ....... ဒီစာအုပ်တွေ ... ဒီပန်းချီကားတွေ ... "

" မောင်ရဲ့ မြတ်နိုးရာတွေမို့လို့ပါ "

" အဲ့မိန်းမကိုအဲ့လောက်တောင် ချစ်တာလား "

" အဲ့ထက်ပိုချစ်တယ် ... မက ကျနော့်ဘဝရဲ့အရာရာ "

ခပ်ဖွဖွရယ်သံဟာ အခန်းကျယ်အတွင်းမှာ ပျံ့လွင့်သွားခဲ့သည် ။

" မောင်က သိပ်တုံးတာဘဲ .... ကိုယ့်ကိုနာကျင်စေတဲ့သူတွေကိုမှ ချစ်ပေးရတယ်လို့ "

" ဟုတ်တယ် ...မောင်ကသိပ်တုံးတယ် .. နာကျင်မှန်းသိရက်နဲ့ကို ရှေ့ဆက်တိုးနေမိတာ "

" အခုရော ဘာဆက်လုပ်မှာလဲ ... ဖေဖေပြောပြလို့ အကုန်သိပြီးပြီ ... အဲ့လိုလူတွေအတွက် ခွင့်လွှတ်မှုကတန်လို့လား "

" တန်တယ် မတန်ဘူးက မောင်ဆုံးဖြတ်ပေးလို့မရဘူး ... ဒါနောက်ဆုံးအကြိမ်မို့လို့ ..

နောက်ပြီး ကျနော့်ကိုမွေးပေးခဲ့တဲ့ မိဘတွေဖြစ်နေလို့ သူတို့ဘာဘဲလုပ်လုပ် ကျနော်အပြစ်တင်လို့မရဘူး "

" မောင့်နေရာမှာ သုတထက်ဆိုရင်ရော မောင့်လိုတွေးပေးပါ့မလား "

" သေချာပေါက် အကိုကတော့ ကျနော့်ကို ဒေါသထွက်နေ‌တော့မှာဘဲ "

ခပ်ပြုံးပြုံးပြောနေပေမဲ့ မျက်ဝန်းတွေမှာတော့ ဝမ်းနည်းရိပ်တွေဖုံးလွှမ်းနေသည် ...

မောင်ဟာ ဟန်ဆောင်တဲ့ နေရာမှာသိပ်ညံ့တာဘဲ ။

ပင်ပန်းနေပြီထင်ပါရဲ့

ညှိုးငယ်နေတဲ့မျက်နှာရယ် တစ်ချက်ချက်မဲ့မဲ့သွားတဲ့ နှုတ်ခမ်းပါးတွေကို အတင်းဖုံးဖိထားနေပါရော ။

မျက်လုံးချင်းဆုံတိုင်း လွှဲလွှဲသွားတတ်တဲ့ မောင့်ရဲ့မျက်ဝန်းတွေမှာ စကားလုံးနဲ့ဖော်ပြလို့မရတဲ့ ဝမ်းနည်းမှုတွေဟာ အတိုင်းသား ။

မောင်ဟာ ဟန်ဆောင်တာသိပ်ညံ့တယ်

ခဏတွေ့ချိန်မှာတောင် မောင်ပင်ပန်းနေကြောင်းဟာ သိသာနေခဲ့တာ မောင့်ဘေးမှာတစ်ချိန်လုံး ရှိနေခဲ့တဲ့ မောင်သိပ်ချစ်ပါတယ်ဆိုတဲ့ ဟိုမိန်းမဟာ သတိမထားမိရိုးလား ။

" မောင် "

အရည်လဲ့နေတဲ့ မောင့်မျက်ဝန်းတွေဟာ မြတ်နိုးဖွယ်ကောင်းသည် ။

" ပင်ပန်းနေပြီလား "

" မောင်ခံနိုင်ရည်ရှိပါတယ် "

" မောင်က ဟန်ဆောင်တာ သိပ်ညံ့တယ် "

" ဟင့်အင်း ... မမမေက တော်လွန်းနေတာ .. မောင်နဲ့ပတ်သတ်ရင် သေးသေးလေးကစ သိနေခဲ့တာ ..

မမမေရှေ့မှာဆို မောင်ဟန်ဆောင်လို့မရဘူး "

" မောင့်အတွက် ဆူးခက်နွယ်က အရာရာဖြစ်သလို မမအတွက်လဲ မောင်ကအရာရာနော် ... "

" ကျေးဇူးပါ "

" မလိုဘူး...ပြောစကားနားမထောင်တတ်တာ သိပေမဲ့ အရမ်းအပင်ပန်းမခံနဲ့ ... အစစအရာရာဂရုစိုက် ..

မောင့်အနားမှာ အမြဲရှိနေတယ် "

ချစ်ခြင်းမေတ္တာဟာ လမ်းလွဲနေပေမဲ့ စည်းတစ်ခုခြားထားနေခြင်းကြောင့် ရှေ့ဆက်မတိုးတော့ဘဲ ရပ်ကြည့်နေခဲ့ရတာ ....

အရာရာဆိုတာထက် ပိုတဲ့ ချစ်ခြင်းမေတ္တာနဲ့ နက်နက်ရှိုင်းရှိုင်းချစ်တာကြောင့် နည်းနည်းလေးတောင် အထိခိုက်မခံစေချင်ဘူး ...

ပြောစကားနားမထောင်တတ်တဲ့ မင်းက ကိုယ့်ကိုကိုယ်အပင်ပန်းခံပြီး အနစ်နာခံနေတာကို ကြည့်ပြီး ကိုယ်လဲထပ်တူ ပင်ပန်းနေရတယ်ဆိုတာ သိရဲ့လား ..

ဒီစည်းတစ်ခုသာ ခြားထားမနေခဲ့ရင် မင်းဟာ ကိုယ့်အပိုင်ဖြစ်နေခဲ့တာကြာခဲ့ရောပေါ့ ။

အခုတော့ စည်းအပြင်ကနေဘဲ စောင့်ရှောက်ပေးနေရတဲ့ မင်းဟာ ထပ်ပြီးအပင်ပန်းခံနေပြန်ပြီ ။

ဘာတွေဘယ်လိုလုပ်ပေးမှ မင်းပျော်ရွှင်ရမှာလဲ ကလေးရယ် ။

ရှုထောင့်အမျိုးမျိုးကနေရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ စားပွဲပေါ်တွင်ပြန့်ကြဲလျက်ရှိပြီး ခွက်တစ်ခုရယ် အရက်ပုလင်းတစ်လုံးကလဲ စားပွဲပေါ်တွင် အကျအနနေရာယူနေရော...

များပြားလှသော ဓာတ်ပုံတွေထဲမှ တစ်ခုကို ဆွဲယူလိုက်ပြီး.....

" အရမ်းအသက်ဝင်တယ် ... အမှန်တကယ် ပျော်ခဲ့ရတယ်ထင်ပါရဲ့ ... ရယ်နေလိုက်တာများ သွားတက်လေးတွေပါပေါ်လို့ "

ကောင်းမလေးတစ်ယောက်နှင့် ကောင်လေးတစ်ယောက် အကြည့်ချင်းဆုံပြီး ပြုံးရယ်နေတဲ့ပုံလေးကို ကြည့်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည် ။

အငွေ့တွေဟာ အခန်းတစ်ခုလုံးကို ပျံ့နှံ့လျက်..

" မောင်... မင်းက ကလေးဘဲရှိသေးတာ အများကြအပင်ပန်းမခံသင့်ဘူး ... ဒီပုံလေးထဲကလို ရယ်ရယ်မောမောနဲ့ ဘဝကိုဖြတ်သန်းနေရမှာ "

" အားကျတယ် .. မင်းကို ရယ်မောအောင်လုပ်ပေးနိုင်တဲ့သူဟာ မေမာန်ထက်ဆိုတဲ့ ငါမဟုတ်ဘဲ ဆူးခက်နွယ်ဆိုတဲ့သူ ဖြစ်နေလို့ သူ့ကိုအားကျမိတယ် ...

မင်းအပြုံးတွေဟာ သူနဲ့မှ ဖြစ်ပေါ်ပြီးအသက်ဝင်တာ "

" ဒီသွေးသားဆိုတဲ့ စည်းကြီးကြောင့် မင်းကိုအဝေးကနေဘဲ တစ်သက်လုံးငေးနေရတော့မှာ ....ဟား ဟား တစ်သက်လုံး အချစ်တွေကို ဒီရင်ဘတ်ကြီးထဲမှာ သိမ်းထားရတော့မှာ "

အက်ကွဲနေတဲ့ရယ်သံတွေဟာ ဆေးလိပ်ငွေ့များနှင့်ရောထွေးလျက်ရှိပြီး ပုလင်းထဲမှအရက်များကို ငှဲ့ကာ အသည်းကွဲခြင်းဆိုတဲ့ နာကျင်မှုဒဏ်ကို အဖော်မဲ့စွာ တစ်ယောက်ထဲခံယူ နေရတော့သည် ။

ထပ်တူမကျတဲ့ ချစ်ခြင်းတွေဟာ ရင်နာဖို့ကောင်းလှသည် ။

တစ်ဖက်ကလဲအားနာရသလို တစ်ဖက်လဲ နာကျင်ရသည် ။

********************

တစ်လဆိုတဲ့ အချိန်ဟာလုံလောက်သွားပြီ ထင်တယ် ။

နေသားကျလာတဲ့ မိသားစုထဲမှာ ပျော်ရွှင်မှုဆိုတဲ့ အရာဟာ နေရာယူနေခဲ့ပြီ ။

နွေးထွေးမှု ၊ကြင်နာမှု ၊ ဂရုစိုက်မှုတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု တည်ဆောက်နိုင်ခဲ့တယ် ။

မိဘနှစ်ပါးနှင့်အတူ ကိုယ်သိပ်ချစ်ရတဲ့ အမျိုးသမီးကပါ အနားမှာ အတူရှိနေပေးဝာဲ့အတွက် ကျနော့်ဖို့တော့ ပြပြည့်စုံလှပါပြီ ။

အတိတ်ကနာကျင်စရာတွေဟာ သေမတတ်ပေမဲ့ လက်ရှိ ပစ္စုပ္ပန်မှာ ပျော်ရွှင်နေရတဲ့အတွက် တန်ပါတယ်

အနစ်နာခံပေးခဲ့ရတဲ့အတွက်......

" မောင် "

ချိုသာလွန်းတဲ့အသံလေးနှင့်အတူ အနောက်မှသိုင်းဖက်လာသော နူးညံ့လွန်းတဲ့ အထိအတွေ့ကြောင့် ရင်ခုန်နှုန်းတွေဟာ နှစ်ဆမြင့်တက်လာသယောင် ..

ဂုတ်ပိုးသို့ထိ‌

တွေ့လာသော ဝင်လေထွက်လေများကြောင့် အသက်ပင်ရဲရဲ မရှူနိုင်အောင် ကြက်သီးပင်ထမိသည် ။

" ဒီမြင်ကွင်းက အရမ်းလှတယ်နော် မောင် ..."

တောင်တန်းကြီးနောက် ခိုဝင်တော့မဲ့ နေလုံးကြီးရဲ့ ညနေခင်းဆည်းဆာအလှဟာ မြင်သူတိုင်းအတွက် ရှူမောဖွယ်ကောင်းလှသည် ။

သက်ရှိပန်းချီတစ်ချပ်လို သဘာဝတရားရဲ့အလှဟာ မှင်သက်ဖွယ်ကောင်းသည် ။

သို့သော်ထိုအမျိုးသမီးရဲ့အလှဟာ ပို၍စွဲမက်ဖွယ်ကောင်းသည် ။

" မောင့်အနားမှာ ရှိတဲ့ မ လောက်တဲ့ မလှနိုင်ပါဘူး "

ညနေဆည်းဆာအောက်မှာ အဖြူရောင်ချည်ပါး လက်ရှည်အဖြူနှင့် ဘောင်းဘီတိုကိုသာဝတ်ဆင်ထားသော မဟာ အမှန်တကယ်ပင် စွဲမက်ဖွယ်ကောင်းသည် ။

စူးစိုက်ကြည့်နေတဲ့ မရဲ့မျက်ဝန်းအောက်မှာ ခိုဝင်ပြီး

ပန်းဆီရောင်နှုတ်ခမ်းပါးနဲ့ ထိတွေ့လိုက်ရချိန်မှာဖြင့် ဆည်းဆာအလှထက်ပင် မိန်းမောဖို့ကောင်းလှသည် ။ နူးညံ့သည် ၊ ချိုမြိန်သည် ၊ ထပ်တူကျနေတဲ့ နှုတ်ခမ်းနှစ်လွှာကို လွတ်ထွက်သွားမည် စိုးသည်အထိ မရဲ့နှုတ်ခမ်းပါးကို မက်မောသည် ။

တစ်ချက်တစ်ချက် ခါးနားမှအင်္ကျီစကို ဆုပ်ဆုပ်ကိုင်လာတဲ့ လက်ကလေးဟာဖြင့် ဘယ်လောက်စိတ်လှုပ်ရှားနေကြောင်းကို ဖော်ပြနေသည် ။

ပြန်လည်တုန့်ပြန်လာတဲ့ နှုတ်ခမ်းပါးလေးကို အူယားလွန်း၍ တစ်ချက်ကိုက်လိုက်တော့ နာကျင်သွားသည်ထင်ပါရဲ့ ခါးထက်မှလက်ကလေးဟာ တင်းကနဲ့ဖြစ်သွားပြီး စိတ်အစဉ်တို့ဟာလဲ အထိန်းအကွတ်မဲ့စွာဖြင့် ချိုမြိန်လှသောအနမ်းတို့ဟာ ကြာရှည်နေခဲ့သည် ။

အနမ်းတို့ရပ်တန့်သွားချိန်မှာဖြင့် ခေါင်းလေးငုံ့ကာ အသက်ကိုမနည်းလုရှူနေဟန်ရတဲ့ မောင့်ပုံစံလေးဟာ မြတ်နိုးဖွယ်အတိ ။

တည်ငြိမ်သွားသောပုံစံနှင့် မော့ကြည့်လာသော ခပ်ရဲရဲမျက်နှာလေးဟာ ဆည်းဆာအချိန်အောက်မှာ သိပ်ကို ကဗျာဆန်လှသည် ။

" သိပ်ချစ်ဖို့ကောင်းတယ် သိပ်မြတ်နိုးရတယ်ကွယ် "

" မောင့်အတွက်ရော မကတစ်ခုတည်းသော မြတ်နိုးဖွယ်ရာလေးဘဲ "

ထိုစကားများအတွက် လိမ်ညာ၍မရသော မျက်ဝန်းများက သက်သေပြနေခဲ့သည် ။

" သားနဲ့ သမီးတို့ရေ စားစရာတွေအဆင်သင့်ဖြစ်နေပြီ လာခဲ့ကြတော့ "

" လာပြီ မေမေ "

လက်ချင်းချိတ်ကာ ကိုယ်စီမျက်နှာထက်တွင် အပြုံးများဖြင့် လျှောက်လှမ်းလာနေသော ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်နက်ရှိုင်းကြောင်း သူတို့ရဲ့အပြုံးတွေဟာ သက်သေပြနေခဲ့သည် ။

မောင့်အပြုံးလေးကို မြင်ရတဲ့အချိန်တိုင်းဟာ ကိုယ့်အတွက် နိဗ္ဗာန်ဘုံသာဖြစ်သည် ။

သို့သော်ရင်နာရသည် ။

အပြုအမူတစ်ခုချင်းဆီတိုင်းကို ဂရုတစိုက်ကြည့်ပေးနေတဲ့ မောင့်မျက်ဝန်းတွေကြောင့် ဒီခရီးကိုလိုက်လာခဲ့သည်မှာ မေမှားသွားပြီထင်တယ် ။

မောင် အဲ့အမျိုးသမီးကို ချစ်သလောက် ကျွန်မရင်ထဲမှာလဲ မောင့်ကိုထပ်တူချစ်မိနေတယ် ဆိုတာ မောင်သိပါရဲ့လား ။

မောင်သိသည် ... မောင်သိနေခဲ့သည် ... မောင်ဟာ မသိဟန်ဆောင်နေခဲ့တာ ...

ကျွန်မပြောခဲ့ပါတယ် မောင်ဟာ ဟန်ဆောင်တာသိပ်ညံ့တယ်လို့ ....

" မမမေ "

" ဘာဖြစ်လို့လဲ မောင် "

" မောင်တို့နဲ့ လိုက်လာရတာ မပျော်လို့လား "

" မောင်ရှိတဲ့ အရပ်တိုင်းက မမအတွက် ပျော်စရာပါ "

မိသားစုဝင်အားလုံးရှေ့မှာ ပြောထွက်လာတဲ့ မမမေရဲ့စကားကို အပြစ်မတင်ရက်ပါ ။

သိတတ်စအရွယ်ကတည်းက အမြဲဂရုတစိုက်ရှိပေးခဲ့တဲ့ မမမေကို မောင်တွယ်တာသည် ၊ ချစ်သည် ၊

မောင်နှမဆိုတဲ့ စည်းတစ်ခုတည်းမှာသာ ဖြစ်သည် ။

လောကမှာသတ်မှတ်ထားတဲ့ စည်း‌တွေဟာ ချမှတ်ပြီးသားဖြစ်သလို ဖျောက်ဖျက်လို့မရပေ ။

" အခုထိအပြင်မှာဘဲလား "

စီးကရက်ကိုခဲကာ တောင်ရောက်မြောက်ရောက်အတွေးများတွင် စီးမြောနေတုန်း တစ်စုံတစ်ယောက်ရဲ့အသံကြောင့် အတွေးတွေဟာ စီးကရက်ငွေ့များဖြင့် လွင့်ပြယ်သွားခဲ့ရသည် ။

ဆူးခက်နွယ်ဆိုတဲ့ အမျိုးသမီးဟာ ဘေးတွင်ဝင်ထိုင်လာခဲ့ပြီး တိတ်ဆိတ်စွာပင် ကောင်းကင်ယံကို ငေးမောကြည့်နေခဲ့သည် ။

ကုန်ခါနီးစီးကရက်ကို ပစ်ချလိုက်ပြီး ဘူးထဲမှအသစ်တစ်လိပ်ကိုယူကာ ပါးစပ်တွင်ခဲထားလိုက်သည် ။

" သောက်အုံးမလား "

" တော်ပြီ ..မောင်စိတ်ပူနေရလိမ့်မယ် "

ခပ်ငဲ့ငဲ့တစ်ချက်ရယ်လိုက်ပြီး စီးကရက်ကို မီးညှိလိုက်သည် ။

" သိပ်ချစ်တာဘဲလား "

" အင်း သိပ်ချစ်တာ မောင့်ကို အရာအားလုံးထက်ပိုချစ်တယ် ..... "

" အားကျဖွယ်ရာဘဲ "

" မမေမာန်ထက်ရော "

မေးချင်နေသည့်မေးခွန်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို သဘောပေါက်သည် ။

" အရာအားလုံးဆိုတာထက်ပိုတယ် "

လေထုဟာတည်ငြိမ်နေသော်လည်း ညသဘာဝအသံများဖြင့် ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်မနေခဲ့ ။

" မောင့်ကိုအပြည့်အဝလုံခြုံမှု ပေးနိုင်ရဲ့လား "

" အသက်ရှိနေသ၍ မောင့်အတွက် စိတ်ရောကိုယ်ပါ လုံခြုံမှုပေးနိုင်တယ် "

သောက်လက်စစီးကရက်ကို ပစ်ချလိုက်ပြီး မတ်တပ်ထရပ်ကာ ဆူခက်နွယ်ဆိုတဲ့ အမျိုးသမီးကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည် ။

" မောင့်အတွက် ဆူးတစ်ချောင်းမဖြစ်ပါစေနဲ့ ... "

ကောင်းကင်ယံမှာသာနေတဲ့ လမင်းကြီးဟာ အေးချမ်းနေသော်လည်း ငေးကြည်နေသူတို့ရဲ့ စိတ်အစဉ်တွင်တော့ ကိုယ်စီအပူများဖြင့်လေးလံနေကြသည် ။

ကြိုတင်မမြင်နိုင်တဲ့ အနာဂတ်ကို စမ်းတဝါးဝါးဖြင့် လျှောက်လှမ်းနေရတဲ့ နေ့ရက်တွေမှာ မင်းလက်လေးကိုသာ မလွှတ်တမ်းဆုပ်ကိုင် ထားချင်မိသည် ။

လူကြောင့်ဖြစ်စေ ၊ကံကြောင့်ဖြစ်စေ မင်းနဲ့ ဘယ်လိုအကြောင်းမျိုးကြောင့်မှ မဝေးချင် ....

ဝေးရမယ်ဆိုတဲ့ အတွေးဟာ တွေးကြည့်ရုံနဲ့တင် ကြောက်လန့်ရသည်မို့ မင်းရင်ခွင်ထဲမှာသာ တစ်သက်ဝာာ ခိုဝင်တော့မည် ။

သစ္စာရှိခြင်းနဲ့မြတ်နိုးချင်းတွေဟာ ထပ်တူကျနေခဲ့ပြီး ချစ်ခြင်းမေတ္တာအပြည့်ဖြင့် တစ်စုံတစ်ယောက်ကိုချစ်နေရခြင်းဟာ ငြီးငွေ့သွားတယ်ဆိုတာ ဖြစ်နိုင်ရိုးမရှိတော့ချေ ။

####################