Chapter 10: Part.10

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 19039

အိပ်စက်ခြင်းတွေကို ရှာဖွေနေရတဲ့ ညတွေဟာ သိပ်ကိုရှည်လျားလွန်းသည် ။

တစ်ယောက်တည်း အတွေးကမ္ဘာထဲ ရောက်နေရတဲ့အချိန်ဟာ သိပ်ကိုအထီးကျန်လွန်းသည် ။

နားထောင်တတ်တဲ့ နားရယ်

ခံစားတတ်တဲ့နှလုံးသားရယ်

ပြောပြတတ်တဲ့ နှုတ်ခမ်းပါးတစ်စုံရယ် ရှိနေပေမဲ့

အနားမှာ တစ်စုံတစ်ယောက်မှရှိမနေတဲ့အခါ ကောင်းကင်ကလမင်းကြီးကိုသာ အဖော်ပြုခဲ့ရတဲ့ အခိုက်အတန့်တွေ

အထီးကျန်တယ်ဆိုတာ ကိုယ်တိုင်ခံစားဖူးမှသာ သူရဲ့ အတိမ်အနက်ကိုသိနိုင်တာ ။

ပိတ်ထားသောအခန်းတံခါးရှေ့မှာ ရပ်နေခဲ့တာ အချိန်တစ်ခုကြာပြီဆိုပေမဲ့ အခုထိ ဝေခွဲရခက်စွာ ရပ်နေမိတုန်း ။

တံခါးကို အသာဖွင့်လိုက်တော့ မှိန်ပြပြမီးရောင်လေးဟာ ဆီးကြိုနေခဲ့သည် ။

ခုတင်ပေါ်မှာ တဖက်စောင်းလှည့်ကာ အိပ်စက်အနားယူနေသော မအနားသို့ ခြေသံဖွဖွနင်းကာ လျှောက်သွားမိသည် ။

ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး မီးရောင်မှိန်မှိန်အောက်က မြင်နေရတဲ့ မရဲ့မျက်နှာလေးကိုသာ ငေးကြည့်နေမိသည် ။

တစ်အိမ်ထဲအတူနေနေရတာ‌တောင် အမြဲလွမ်းနေရတယ်ဆို ယုံကြမလား ။

တကယ်လွမ်းတာ ... တကယ်လွမ်းနေမိတာ

မျက်နှာချင်းဆိုင်ခွင့်မရှိတဲ့ မကို အရမ်းလွမ်းနေရတာ .....

အဝေးကနေခိုးကြည့်ခွင့်‌တောင် မရှိတဲ့ ကျနော်က ဝဋ်ကြွေးတွေများ အရမ်းကြီးနေသလား ။

" မျက်လုံးဝိုင်းဝိုင်းလေးတွေ နှာခေါင်းလုံးလုံးလေးတွေက အရင်ကအတိုင်းဘဲ ဘာမှပြောင်းလဲမသွားဘူးဘဲ ... အင်း

တစ်ခုဘဲ သိပ်လှတဲ့ နှုတ်ခမ်းထက်က အပြုံးလေးတွေ မရှိတော့တာတစ်ခုဘဲ ...

မက အပြုံးလေးနဲ့ဆို တကယ်လှတာ ..."

မရဲ့မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီကို လိုက်ကြည့်ရင်း အဆုံးသတ်ကတော့ နှုတ်ခမ်းပါးလေးဆီမှာ ။

ခပ်မှိန်မှိန် မီးရောက်အောက်မှာတောင် မက သိပ်ကိုလှရက်လွန်းသည် ။

" ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ ကလေးလေးကို ချစ်လွန်းလို့ အမြဲတမ်းအနားမှာခေါ်ထားမယ်ဆိုပြီး ပြောပြောနေကျ ကောင်မလေးတစ်ယောက်ရှိခဲ့တယ် ...

တကယ်တမ်းအနားရောက်လာတော့

ကောင်မလေးက အဲ့ကလေးလေးကို မုန်းတီးပြီး အဝေးကိုဘဲ မောင်းထုတ်နေခဲ့တာ ...

မသိလား ကျနော်က မအနားမှာဘဲ ကပ်တွယ်နေချင်တာ  ....

မ ပေးတဲ့အမုန်းတွေ .. မ ပြောတဲ့စကားတွေကြာင့် ကျနော် ဘယ်လောက်နာကျင်နေပါစေအုံး  မအနားမှာဘဲ ဆက်ပြီးကပ်တွယ်နေမှာမို့ ကျနော့်အနားက ထွက်မသွားပါနဲ့ ...

မကပါ ကျနော့်ဘဝထဲက ထွက်သွားလိုက်လို့မဖြစ်ဘူး ...

မကပါ ကျနော့်ကို ထားသွားလို့မဖြစ်လို့ပါ ...ဟင့် "

ပါးပြင်ပေါ်မှာ မျက်ရည်တွေစိုရွှဲနေခဲ့ပြီး ရင်ထဲကပါ လှိုက်လှိုက်လှဲလှဲငိုကြွေးလာတာကြောင့် ရှိုက်သံပင်ထွက်လာရသည် ။

မ နိုးသွားမည်စိုးသောကြောင့် ကိုယ့်လက်ကိုသာကိုက်ကာ အသံမထွက်မိအောင် ကြိတ်ငိုနေမိတော့သည် ။

ချစ်ရသောသူရဲ့ဘေးမှာ တိတ်တဆိတ်ငိုကြွေးနေတဲ့ ကောင်လေးရဲ့ ရင်ထဲကခံစားချက်တွေကို

သူချစ်ရတဲ့သူကရော ကြားနိုင်ပါ့မလား ။

သေချာတာကတော့ ညစဉ်ညတိုင်း ရင်ဖွင့်ပြောပြခဲ့ရတဲ့ လမင်းကြီးနဲ့သူကိုယ်တိုင်သာ သိလိမ့်မည် ။

*****************

" ကြီးတင် ..ကျနော့်ရဲ့ လက်ကိုင်ပုဝါလေး တွေ့မိသေးလား "

" ဟိုလက်ကိုင်ပုဝါလေးလား ..အဲ့ဒါဆိုရင်တော့ ကြီးကြီးမတွေ့မိဘူး "

" အဲ့တာ ပျောက်သွားလို့မဖြစ်ဘူး  "

သူမပေးထားခဲ့တဲ့ ဒီလက်ကိုင်ပုဝါလေးကို ကိုယ်နဲ့မကွာ အမြဲဆောင်ထား တတ်ခဲ့ပေမဲ့

ဒီရက်ပိုင်း သတိမထားမိတဲ့ အချိန်မှာ ဘယ်နားထားလို့ ထားမိမှန်းမသိလိုက်ဘဲ အခုပြန်သတိရချိန်မှ အပူတပြင်းလိုက်ရှာနေမိတော့သည် ။

ကျနော့်အတွက် အမြတ်တနိုးနဲ့သိမ်းထားစရာဆိုလို့ ဒီလက်ကိုင်ပုဝါလေးတစ်ခုဘဲ ရှိတာကြောင့် ကျနော့်အတွက် တန်ဖိုးကြီးသလို အရေးကြီးသောအရာလဲဖြစ်သည် ။

" ကျနော့်ကိုကူရှာပေးကြပါအုံး ... ကျနော့်အတွက်အရေးကြီးလို့ မတွေ့တွေ့အောင်ရှာပေးကြပါ "

တစ်အိမ်လုံးက ရှိသမျှလူကို ရှာခိုင်းရတဲ့အထိ

ကျနော်ဟာ သတိပေါ့လျော့ခဲ့ရသည် ။

" အရမ်းလဲ စိတ်မပူပါနဲ့ ပြန်ရှာတွေ့မှာပါ  "

အမြဲတမ်းအင်္ကျီအိပ်ကပ်ထဲမှာ ဆောင်ထားတတ်တဲ့ ဒီလက်ကိုင်ပုဝါလေးဟာ အကိုလေးအတွက် အရေးကြီးသလို အကိုလေး အရမ်းတန်ဖိုးထားတယ်ဆိုတာ အကိုလေးရဲ့ မျက်နှာပေါ်ကစိုးရိမ်မှုကို ကြည့်ရုံနဲ့သိနိုင်သည် ။

" အကိုလေး ... ဦးကောင်းသုတရောက်နေတယ် ..

စာကြည့်ခန်းထဲမှာ ဆင်းတွေ့လိုက်ပါအုံး "

လက်ကိုင်ပုဝါလေးကိုသာ အပူတပြင်းရှာနေတဲ့ အကိုလေးဟာ စိတ်နဲ့လူနဲ့ရော ကပ်ပါရဲ့လား ။

စိတ်မပါလက်မပါနဲ့ အောက်သို့ဆင်းသွားတဲ့ အကိုလေးကို ကြည့်ရင်းသက်ပြင်းသာချမိသည် ။

မမလေးကိုသာ အမှန်တိုင်းပြောပြလိုက်ရင် ကိစ္စအားလုံးပြေလည်သွားမည့်အရေးကို ဘာအတွက်များ ပြောပြဖို့ကို ငြင်းဆန်နေရတာလဲဆိုတာ တွေးကြည့်လို့မရ အဖြေထွက်မလာ ။

အကိုလေးဟာ တကယ်နားလည်ရခက်တဲ့ လူတစ်ယောက်သာဖြစ်သည် ။

" ဦးလေး ...ဘာကိစ္စရှိလို့ အိမ်အထိလာတွေ့ရတာလဲ "

စာအုပ်တွေကို စိတ်ဝင်စားဟန်လိုက်ကြည့်နေတဲ့ ဦးလေးကို မေးလိုက်ပြီး ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည် ။

" ကိစ္စဆိုတာထက် ... မင်းသိကိုသိသင့်တဲ့ အရာတစ်ခုကိုလာပြတာ "

မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်း ပြောလာတဲ့ ဦးလေးရဲ့စကားကို စိတ်ဝင်စားမိသည် ။

အိပ်ကပ်ထဲက ဓာတ်ပုံတစ်ပုံကို ဆွဲထုတ်လိုက်ပြီး ကျနော့်ရှေ့က စားပွဲပေါ်သို့ ချပေးလာခဲ့သည် ။

သိချင်စိတ်ဖြင့် ဆွဲယူကြည့်လိုက်ချိန် မြင်နေရတဲ့ ကိုယ့်မျက်လုံးကိုပင်မယုံနိုင် ။

" သူ...သူတို့က ..ဘယ်လိုလုပ် "

" ဟုတ်တယ် ... အစအနရှာလို့မရတဲ့အထိ ပျောက်သွားကြပြီး .. အခုမှပြန်ပေါ်လာကြတာ တစ်ခုခုဘဲ "

ကျနော့်စိတ်တွေဟာ ဆောက်တည်ရာမရဘူးဆိုတာထက် ပိုနေခဲ့သည် ။

စိုးရိမ်ခြင်းတွေထက် ကြောက်စိတ်တွေဟာ စိုးမိုးနေခဲ့သည် ။

" သတိကြီးကြီးထားဖို့တော့ လိုအပ်တယ် သုတ ... သူတို့ရဲ့ ပစ်မှတ်က မင်းဘဲဖြစ်နိုင်တယ် .....

မှောင်ခိုလမ်းကနေတောင် ဝင်လာလို့ရခဲ့တာဆိုတော့ တော်ရုံတော့မဟုတ်ဘူး "

" ဘာလို့အခုမှလဲ ... အရာအားလုံးအဆင်ပြေတော့မဲ့ အချိန်ကြမှ ...

ကျနော်စိုးရိမ်တယ် ဦးလေး ...ကျနော့်ကြောင့် တခြားသူတွေပါ ထိခိုက်သွားမှာ ကျနော်အရမ်းစိုးရိမ်တယ် "

" အရမ်းကြီး မစိုးရိမ်ပါနဲ့ .. ဦးလေးရှိတယ် ..

ဦးလေး ဘယ်သူ့ကိုမှ မထိခိုက်အောင် ကာကွယ်ပေးမယ် "

စိုးရိမ်‌စိတ်နဲ့ ကြောက်စိတ်တွေနဲ့ ရောထွေးကာ လူကဆောက်တည်ရာမရတော့သလို ဦးနှောက်ကလဲ ဘယတစ်ခုမှ မစဉ်းစားနိုင်တော့ပေ ။

ကိုယ်တိုင်က သူတို့ရဲ့ပစ်မှတ်ဆိုပေမဲ့ ကိုယ့်ကြောင့်နဲ့ တခြားသူတွေပါ ဒုက္ခရောက်ရမှာတကယ်စိတ်ပူမိသည် ။

အတွေးတွေက ကြီးစိုးသွားတဲ့အခါ ပြင်ပမှာရှိတဲ့ အရာတွေကိုပင် မျက်လုံးထဲမမြင်နိုင်တော့ချေ ။

" သုတထက် "

နောက်ကျောဘက်က ကြားလိုက်ရတဲ့ အသံကြောင့် အနောက်သို့ အလန့်တကြားလှည့်လိုက်သည် ။

" မ..မက ဘယ်လိုလုပ် .. ကျနော့်အခန်းထဲကို "

ညနေဦးလေးနဲ့ စကားပြောပြီးကတည်းက အတွေးတွေနဲ့ အခန်းထဲမှာ နေနေမိတာ မ ဝင်လာသည်ကိုတောင် သတိမထားမိလိုက် ။

ဘာစကားတစ်ခွန်းမှ ဖွင့်ဟခြင်းမရှိဘဲ လက်တကမ်းအကွာကနေ ကျနော့်ကိုသာ စိုက်ကြည့်နေတဲ့ မကြောင့် နေရခက်မိသည် ။

ခေါင်းထဲမှာလဲ ကျနော်ဘာအပြစ်များလုပ်ထားမိသလဲ ဆိုတာသာ ထပ်တလဲလဲ စဉ်းစားနေမိသည် ။

" မ.. ကျနော် ဘာများ ..အွင့် ..."

ရုတ်တရက် ဖိကပ်လာသော မရဲ့နှုတ်ခမ်းပါးကြောင့် ကြောင်အစွာ ဖြစ်မိသည် ။

နူးညံ့မှုကို ခံစားမိသော်လည်း ကျနော့်ခေါင်းထဲမှာ တွေးမိသည်က တစ်ခုတည်းသာ ။

မဖြစ်သင့်ဘူး....

အတင်းဖိကပ်နမ်းရှိုက်လာခဲ့သော မကြောင့် တွန်းဖယ်ကာ ရုန်းကန်မိတော့သည် ။

" မ..ဘာ... ဘာလုပ်တာလဲ "

မောဟိုက်နေသော အသံဖြင့် မေးမိတော့ မဟာ တစ်ဖန် ဖိကပ်နမ်းရှိုက်လာခဲ့ပြန်သည် ။

ပထမအကြိမ်ထက် ကြမ်းတမ်းတဲ့ မရဲ့ အနမ်းတွေကြောင့် မျက်ရည်ပင်စီးကျလာခဲ့ရသည် ။

ရှိသမျှအားအကုန်သုံးကာ မကို ဆောင့်တွန်းလိုက်ပြီး...

" မ...ဘာလုပ်တာလဲ ...

ရူးနေလား "

" နင်လိုချင်တာ ဒါမျိုးမဟုတ်လား ... ဒီလိုမျိုးထိတွေ့ချင်လို့ ငါ့ကို မရရအောင်ယူခဲ့တာ မဟုတ်ဘူးလား ... အခု ငါပေးနေပြီလေ "

မ ပြောလိုက်တဲ့စကားဟာ နှလုံးသားတည့်တည့်ကို တိုးဝင်လာတဲ့ ဆူးတစ်ချောင်းလို ...နာကျင်ရသည် ။

" မဟုတ်ဘူး ... ကျနော်လိုချင်တာ ဒီလိုမျိုးမဟုတ်ဘူး "

မျက်ရည်တွေ ပိုမိုစီးကျလာပြီး ငြင်းဆန်မိတော့သည် ။

တကယ်လဲ ကျနော်လိုချင်တာ ဒီလိုမျိုးမဟုတ် ။

ဖြူစင်စွာချစ်နေတဲ့ ကျနော့်ရဲ့ အချစ်တွေကို စော်ကားခံလိုက်ရသလိုဘဲ ..

ကျနော်ဟာ မကို ဖြူဖြူစင်စင်ဘဲ ချစ်ခဲ့တာပါ ။

" နင်ဒီလို လုပ်ချင်လို့ဘဲ ငါ့ကိုယူခဲ့တာဘဲ တခြားဘာရှိအုံးမှာလဲ ....နင်ယောကျာ်းမဟုတ်ဘူးလား  ..... မိန်းမတစ်ယောက်က လိုလိုလားလား ပေးနေပြီလေ နင်မယူတတ်ဘူးလား "

" ကျေး..ကျေးဇူးပြုပြီး ကျနော့်အခန်းထဲက ထွက်သွားပေးပါတော့ ... တောင်းပန်ပါတယ် ထွက်သွားပေးပါတော့ဗျာ "

မရှေ့ ဒူးထောက်ထိုင်ချကာ ထွက်သွားပေးဖို့ကိုသာ တောင်းဆိုမိတော့သည် ။

မုန်းတယ် ...ဒီလို အ‌ခြေအနေကြီးကို အရမ်းမုန်တယ်..

အမုန်းဆုံး ဒီအခြေအနေကနေ အမြန်ရုန်းထွက်ချင်မိသည် ။

ကျနော်ဟာ မရဲ့အမြင်မှာ ဒီလောက်တောင် အောက်တန်းကျတဲ့ လူတစ်ယောက် ဖြစ်နေခဲ့တာလား ။

" မောင် ! "

################