Chapter 26: Part. 26 (Final)

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 32695

အရောင်မဲ့ခြင်းတွေ ပျက်ပြယ်သွားတဲ့အခါ အရာရာဟာ လှပလာတော့မည်မဟုတ်လား ။

ချစ်ခြင်းတရားရဲ့ လွှမ်းခြုံမှုဟာ တကယ်ကိုဆန်းကြယ်လှသည် ။

အားငယ်နေရချိန်မှာ ကိုယ်ချစ်ရသူရဲ့အားပေးစကားတစ်ခွန်းသာ လိုအပ်သလို

အထီးကျန်နေချိန်မှာလဲ ကိုယ်ချစ်ရတဲ့သူအကြောင်း တွေးမိရုံနဲ့တင် နွေးထွေးရသည် ။

ချစ်ခြင်းတရားဟာ ဘယ်နည်းဘယ်ပုံတည်ရှိနေမှန်း မသိသော်လည်း နာကျင်ခြင်းနဲ့အတူ ပျော်ရွှင်ခြင်း ရောနှောနေသော အချစ်စစ်ကိုတော့ တကယ်ချစ်မိသူတိုင်း ခံစားဖူးကြသည် ။

ကိုယ်ချစ်ရတဲ့သူရဲ့ဘေးမှာ အိပ်စက်ခွင့်ရတဲ့ညတွေဟာ အိမ်မက်တွေလှပနေသလို ချစ်ရတဲ့သူရဲ့ ရင်ခွင်ထဲမှ နိုးထခွင့်ရတဲ့ မနက်ခင်းတိုင်းဟာလဲ သာယာလှပနေမှာ ဧကန်ပင် ။

မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးလေးထက် ချစ်သူရဲ့ရင်ငွေ့လေးဟာ ပို၍နွေးထွေးရတယ်လို့ပြောရင် နေမင်းကြီးများ စိတ်ဆိုးသွားမလား ။

နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ချစ်သူရဲ့မျက်နှာလေးကို တမေ့တမော ကြည့်နေရတဲ့အချိန်ဟာ အကြည်နူးဆုံးနဲ့ အပျော်ရွှင်ရဆုံးအချိန်သာ ဖြစ်လိမ့်မည် ။

ပိုင်ဆိုင်ထားရတာ‌တောင် အိမ်မက်လို့ထင်နေတဲ့ စိုးရိမ်စိတ်တို့ကိုလဲ နဖူးထက်သို့ ခပ်ဖွဖွထိတွေ့လိုက်တဲ့ အထိအတွေ့တို့က အိမ်မက်မဟုတ်ကြောင်းသက်သေပြနေသည် ။

တကယ်ပါ ဒီလူသားကိုပိုင်ဆိုင်ရဖို့အတွက် ပေးဆပ်ရအုံးမယ်ဆိုရင်တောင် ကိုယ့်အသက်ကို‌ သူ့လက်ထံအပ်နှင်းပြီး ဘာမဆိုပေးဆပ်နေမိအုံးမည်ထင်တယ် ။

ခပ်ဝဲဝဲကျနေသော နဖူးထက်မှဆံနွယ်အချို့ကို သပ်တင်ပေးခွင့်ရသော ဒီလိုအချိန်မျိုးကို အကြိမ်ထောင်သောင်းမကရယူချင်မိသည် ။

လိုချင်စိတ်တွေများလာတဲ့အတွက် ဒီလူကို ပိုင်ဆိုင်ထားရတာ‌တောင် မလုံလောက်တော့ဘူး ထင်ပါရဲ့ ။

" မောင်နိုးနေပြီလား.... မကိုပါတစ်ခါတည်း နှိုးလိုက်တာမဟုတ်ဘူး ... ဒီတိုင်းကြီး ကြည့်နေတယ်ပေါ့ "

" မ ပျောက်သွားမှာစိုးလို့ "

" မက ဘာလို့ပျောက်သွားရမှာလဲ "

" မက မောင့်အနားက ခဏခဏထွက်ပြေးနေတာကို ...

ထပ်ပြီး ထွက်ပြေးသွားမှာစိုးလို့ တစ်ညလုံးထိုင်ကြည့်နေတာ "

"ဟမ်! ဒါဆို... မောင်တစ်ညလုံး မအိပ်ဘူးပေါ့ "

ခေါင်းငြိမ့်ပြနေတဲ့ မောင့်ရဲ့ပါးပြင်လေးကို အသာထိတွေ့လိုက်ချိန် ခံစားလိုက်ရတဲ့အထိအတွေ့နဲ့အတူ တုန်ခါသွားတဲ့နှလုံးသားလေးဟာ မငြိမ်မသက်စွာနှင့် ။

" ကိုယ်တွေပူနေတာဘဲ ... ညကအအေးပတ်သွားတယ်ထင်တယ် ဒါကိုတစ်ညလုံးမအိပ်တော့ မောင်နေမကောင်းဖြစ်ပြီပေါ့ "

စိတ်ပူစွာနဲ့ပြောလာတဲ့ မရဲ့စကားသံကြောင့် ရင်ထဲမှာ နွေးထွေးရသလို ဝဲတက်လာတဲ့ မရဲ့မျက်ဝန်းအိမ်မှ မျက်ရည်တို့ကျလာမှာကိုလဲ စိုးရိမ်မိသည် ။

" မောင်က အအေးပတ်ရုံဘဲမို့လို့ ဝမ်းမနည်းနဲ့နော် ..

မောင်က ခဏခဏ အအေးပတ်တတ်တယ်လေ "

" မောင်ခဏခဏ အအေးပတ်တတ်တာကို သိရက်နဲ့ မကဂရုမစိုက်ခဲ့မိလို့....."

" မောင်အဆင်ပြေတယ် .. ဘာမှမဖြစ်ဘူး .. ဆေးသောက်လိုက်ရင်ပျောက်သွားမှာ .. မကြောင့်ဖြစ်တာမဟုတ်လို့ ကိုယ့်ကိုကိုယ်အပြစ်တင်ပါနဲ့ "

" ဟုတ်ပါပြီ... မောင်‌တောင်စကားတွေတတ်လာပြီဘဲ "

" မကို အရမ်းလွမ်းနေခဲ့တာ "

" အင်း.. မရောဘဲ .. မောင့်ကိုအရမ်းလွမ်းနေခဲ့တာ "

ရင်ခွင်ထဲတိုးဝင်လာတဲ့ မောင်းရဲ့ခေါင်းလေးကို ဖွဖွလေး‌နမ်းကာ တင်းကြပ်စွာ ဖက်ထားမိတော့သည် ။

ဒီအဖြူရောင်‌ကောင်လေးကို ဘယ်လောက်တောင် လွမ်းနေခဲ့လိုက်ရသလဲ ။

" မောင်ဆီကနေ ထွက်မပြေးနဲ့တော့နော်.. ဒီတစ်ခါဆို မောင်တကယ်သေမှာ "

" မောင့်အနားမှာဘဲ တစ်သက်လုံးနေတော့မှာမို့လို့ နောက်တစ်ခါ ကိုယ့်ကိုကိုယ်ထိခိုက်အောင် မလုပ်တော့နဲ့နော် ..."

နဖူးထက်သို့ ခပ်ဖွဖွနမ်းလိုက်ရချိန် လွမ်းခဲ့သမျှ အချိန်တွေအတွက် အနမ်းတစ်ပွင့်နဲ့တင် လုံလောက်ချေပြီ ။

မောင့်ရဲ့မျက်ဝန်းတွေနဲ့ဆုံချိန်ရတဲ့ ဒီအချိန်လေးကို ရပ်တန့်ထားချင်သည် ။

မောင့်ရဲ့လက်ချောင်းသွယ်သွယ်လေးတို့ ပါးပြင်ပေါ်ထိတွေ့လာချိန်တွင် စိတ်လှုပ်ရှားမှာသာ အမြင်ဆုံးတွင်ရှိနေသည် ။

ရုတ်တရက်နှုတ်ခမ်းထက်သို့ ထိတွေ့လာတဲ့မောင့်ရဲ့နှုတ်ခမ်းပါးလေးကြောင့် ကြောင်အမိသော်လည်း ကြည်နူးမဆုံးပင် ။

" ဆေးလိပ်တွေအရမ်း သောက်နေခဲ့တာလား .. "

နှုတ်ခမ်းပါးကို လက်ချောင်းလေးများနှင့်ခပ်ဖွဖွထိတွေ့နေတဲ့ မောင်ရဲ့ပုံစံလေးဟာ မြတ်နိုးစရာကောင်းလှသည် ။

" နောက်ဆို အများကြီးမသောက်နဲ့တော့နော် .. ကျန်းမာရေးထိခိုက်လိမ့်မယ် .. မောင်က ဒီနှုတ်ခမ်းလေးကို အကြာကြီးနမ်းရအုံးမှာဆို‌တော့ မ ကျန်းမာနေမှဖြစ်မယ် "

မောင်ဟာ စကားတွေသိပ်တတ်လာတာဘဲ ။

မောင့်စကားလေးတွေကြောင့် မျက်နှာပေါ်က အပြုံးတွေဟာ ရပ်တန့်လို့ မရတော့တာတော့ အမှန် ။

" ဟုတ်ပါပြီရှင့် ... မောင်အကြာကြီးနမ်းခွင့်ရဖို့အတွက် .. စီးကရက်တွေ မသောက်တော့ဘူးနော် "

" ချစ်တယ် ... မကို မောင်အရမ်းချစ်တယ် "

" မောင်ချစ်တာထက်မပိုပေမဲ့.. မောင့်ကိုမရဲ့ အရာအားလုံးထက်ပိုချစ်တယ် "

အသက်ဝင်နေတဲ့‌ အပြုံးတွေဟာ ပျော်ရွှင်မှုဆိုတဲ့အရာကိုဖော်ပြနေသည် ။

ပျော်ရွှင်ရဖို့အတွက် အများကြီးမလိုအပ်ပါဘူး

ကိုယ်ချစ်ရတဲ့သူတစ်ယောက်သာ အနားမှာရှိနေရုံနဲ့လုံလောက်တယ် ။

သူသာ ကိုယ့်ရဲ့ပျော်ရွှင်မှုဖြစ်သလို ကိုယ့်ရဲ့ပျော်ရွှင်ခြင်းကိုလဲ သူတစ်ယောက်တည်းကသာ ဖော်ဆောင်နိုင်သည် ။

*********************

" မောင်နေမကောင်းဘူးလား "

ထမင်းစားခန်းထဲသို့ဝင်လာသော မောင့်ရဲ့မျက်နှာလေးဟာ အားမရှိတဲ့ပုံပေါက်နေသည် ။

" နည်းနည်းပါ ... ခဏနေ ဆေးသောင်လိုက်ရင် ပျောက်သွားမှာပါ..မမမေ "

ချက်ချင်း‌ပြန်ဖြေနိုင်ပုံရရင် မောင့်ရဲ့စိတ်အခြေအနေဟာ တော်တော်လေးကောင်းမွန်နေပြီဖြစ်မည် ။

" နံနက်စာစားပြီးတာနဲ့ ဆေးချက်ချင်းသောက်လိုက်နော် ...

ဆူးခက်နွယ် မောင့်ကိုသေချာဂရုစိုက်ပေးပါ ."

" စိတ်ချပါ... ကျွန်မမောင့်ကို နည်းနည်းလေးတောင် အထိခိုက်မခံတော့ပါဘူး "

တိတ်ဆိတ်နေသော စားပွဲဝိုင်းလေးဟာ ဘာအတွက်ကြောင့်များလဲ ။

တကယ်ဆို ဒီလိုအချိန်မှာ စကားသံတွေနဲ့ ဆူညံနေရမှာ မဟုတ်လား ... သို‌သော်တိတ်ဆိတ်မြဲသာ ..

" မမ USကိုသွားတော့မယ် "

နံနက်စာစားနေသော မောင့်ရဲ့လက်တို့ဟာရပ်တန့်သွားသလို မော့ကြည့်လာတဲ့ မောင့်ရဲ့မျက်ဝန်းတို့တွင်လဲ မေးခွန်းများစွာတို့ကိုတွေ့နေရသည် ။

" ဘယ်လောက်ကြာမှာလဲ.."

အတော်ကြာငြိမ်သက်နေခဲ့တဲ့ မောင့်ရဲ့စကားသံတွင် တားဆီးဟန်တစ်ခုမှ မပါခဲ့ ။

ဘာကြောင့်ထွက်သွားမယ် ဘယ်လောက်ကြာမယ်ဆိုတာကို ခန့်မှန့်မိသော်လည်း တိကျသောအဖြေကိုတော့ လိုချင်မိသည် ။

" မပြောတတ်ဘူး... ပြန်လာမယ်လဲ မပြောနိုင်သလို လုံးဝပြန်မလာတော့တာလဲ ဖြစ်နိုင်တယ် "

အတွင်းနှုတ်ခမ်းကို ဖိကိုက်ထားလိုက်ပြီး ကိုယ်အပူချိန်တွေကလဲ အခုမှစုတက်လာသလို တစ်ကိုယ်လုံး ပူထူနေတော့သည် ။

တားချင်တယ် ... ထွက်မသွားဖို့ တားချင်မိတယ် ...

အနားမှာခေါ်ထားပြီး နာကျင်စရာတွေထပ်ပေးအုံးမလို့လား ...

မမမေ ဘယ်လောက်တောင် ပင်ပန်းပြီး နာကျင်ခဲ့ရပြီးပြီလဲ ...

အဲ့တာကိုတစ်ကိုယ်ကောင်းဆန်ပြီး အနားမှာဆက်နေခိုင်းချင်သေးသလား ။

" ဘယ်နေ့သွားမှာလဲ "

" ဒီနေ့ နေ့လည် ၂နာရီလေယာဉ်နဲ့ "

" မောင်နေမကောင်းလို့ လိုက်မပို့တော့ဘူးနော် ... အဝေးမှာ တစ်ယောက်ထဲနေရမှာဆိုတော့ အစစအရာရာ ဂရုစိုက်ပါ ..

မောင်နားတော့မယ် "

နံနက်စာစားပွဲဝိုင်းကနေ ထထွက်သွားတဲ့မောင့်ကို တစ်ချက်မျှမကြည့်မိ ။

မောင့်ကိုကြည့်မိရင် ဒီမျက်ရည်တွေဟာ ထိန်းရမှာမဟုတ်တော့ ။

မောင်ဟာ သိသိရက်နဲ့ကျောခိုင်း သွားခဲ့ပြန်ပြီ ။

ဘာကြောင့်ထွက်သွားရတယ် ဆိုတဲ့အကြောင်းအရာကို မောင်ဟာသိသိရက်နဲ့ မသွားပါနဲ့လို့ တစ်ချက်ပင်မတားခဲ့ ။

နာတယ် မောင်ရယ်...ဒီရင်ဘတ်ထဲက မခံစားနိုင်လောက်အောင်ကို နာကျင်ရတယ် ..

ဒီကမ္ဘာမှာ မောင်တစ်ယောက်တည်းကသာ မမကို နာကျင်အောင်လုပ်နိုင်တာ

မောင်တစ်‌ယောက်တည်းကသာ မမကို နာကျင်အောင်လုပ်ခဲ့တာ

မောင်တစ်ယောက်အတွက်နဲ့ဘဲ မမမျက်ရည်တွေကျခဲ့ရတာပါ ။

>>>>>>>

" မောင်အဆင်ပြေရဲ့လား "

" မောင်အဆင်ပြေပါတယ် ... မောင်ဖျားနေလို့ထင်တယ် မျက်လုံးတွေပူပြီး မျက်ရည်ပူတွေပါကျနေတာ..

ဆေးသောက်မှရမယ်ထင်တယ် "

" မောင်..မကိုကြည့် "

ခေါင်းငုံ့ကာ စကားတွေဆက်တိုက်ပြောနေသော မောင်ရဲ့ပုံစံမူမမှန်တော့သည်ကိုသိသည် ။

" အဆင်မပြေရင်အဆင်မပြေတဲ့အကြောင်း ပြောလို့ရတယ် ... မကအကုန်နားထောင်ပေးမှာမို့လို့ ..မောင်ကိုယ့်ကိုကိုယ်မပင်ပန်းမခံပါနဲ့ "

" ဟင့်... မမမေ.. မမမေက ထွက်သွားတော့မှာတဲ့.. မောင့်အနားကနေ မမမေက ထွက်သွားတော့မှာ.. မောင်တားခဲ့ရမှာကို .. မောင် မတားခဲ့မိဘူး

မောင်သိပ်တစ်ကိုယ်ကောင်းဆန်တာဘဲ "

ရှိုက်သံတွေနဲ့ ဗလုံးပထွေးပြောနေသော မောင့်ရဲ့ကျောပြင်လေးကို အသာပွတ်ကာ နှစ်သိမ့်ပေးမိသည် ။

မောင်အရမ်းဝမ်းနည်းနေမှာကို ကျွန်မသိသည် ။ ငယ်စဉ်ကတည်းက အနားမှာရှိနေပေးခဲ့တဲ့ မေမာန်ထက်ကို မောင်သံယောဇဉ်တွယ်မိတာကိုသိသည် ။

မေမာန်ထက်ကို ထွက်မသွားစေချင်တာကိုလဲ နားလည်သည် ။

" မောင် တစ်ကိုယ်ကောင်းဆန်တာမဟုတ်ဘူး... မောင်မတားခဲ့ဘူးဆိုတာ.. သူကိုမနာကျင်စေချင်တော့လို့မလား... မောင့်အနားမှာဘဲ ခြေချုပ်မမိစေဘဲ လွတ်လွတ်လပ်လပ်နေစေချင်လို့ မဟုတ်လား "

" ဟုတ်တယ် ... မမမေက မောင့်ကြောင့်နဲ့အများကြီး ပင်ပန်းခဲ့တာ... အများကြီးလဲ နာကျင်ခဲ့ရတာ မောင်သိတယ် ... မောင်မသိချင်ယောင်ဆောင်ခဲ့တာ မမမေနာကျင်ရတာကိုသိသိရက်နဲ့ မသိချင်ယောင်ဆောင်နေခဲ့တာ ..."

" မမမေက မောင့်ထက်ပိုကောင်းတဲ့သူနဲ့တွေ့သင့်တာ.. မောင့်အနားမှာဘဲနေရင် မမမေတစ်သက်လုံးနာကျင်နေရလိမ့်မယ် ဒါကြောင့်မတားခဲ့တာ "

မောင့်ရဲ့ကျောပြင်လေးကို ပွတ်ပေးပြီး  နောင်ဆုံးအကြိမ်အဖြစ် မောင်စိတ်ရှိတဲ့အတိုင်း ငိုခွင့်ပေးလိုက်သည် ။

ဒီတစ်ကြိမ်ပြီးရင်တော့ မောင့်ကို မျက်ရည်ကျခွင့်ပေးတော့မည်မဟုတ် ။

" ချစ်ဖို့ကောင်းလိုက်တာ ကြည့်ပါအုံး ငိုထားလိုက်တာ နှပ်တွေတောင်ထွက်လို့ ကလေးကျနေတာဘဲ "

" မောင်က ကလေးမဟုတ်ပါဘူး "

ငိုနေတဲ့ကြားမှ ပြန်ရန်တွေ့နေတဲ့ မောင့်ကိုအူယားလွန်း၍ ပါလေးကို အသာဆွဲညစ်လိုက်သည် ။

ပါးပြင်ပေါ်ကမျက်ရည်တွေကို သုတ်ပေးပြီး နဖူးလေးကို အသာနမ်းတော့ မောင်ဟာငြိမ်ခံနေခဲ့သည် ။

" ဆေးသောက်ရအုံးမယ်နော် ... "

ခေါင်းလေးငြိမ့်ပြတဲ့ မောင့်အပေါ်ကို အရာရာနားလည်ပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားမည် ။

မောင့်ရဲ့အပြုံးလေးတွေ အသက်ဝင်အောင်ဖန်တီးပြီး ပျော်ရွှင်စရာ ရပ်ဝန်းလေးကို တည်ဆောက်ပေးမည် ။

အများကြီး အများကြီးပါဘဲ ..

ဒီတစ်ခါ မောင်နဲ့ပတ်သတ်ပြီး အတွေးတွေဟာ အပြည့်...စိတ်ကူးတွေလဲ များစွာ

ပြောင်းလဲခြင်းတွေနဲ့အတူ မောင့်အပေါ် တစ်ရက်ထက်တစ်ရက် ပိုချစ်နိုင်အောင်ကြိုးစားရမည် ။

******************

" သမီးမေ.. ဟိုမှာ အလုပ်တွေဘဲ ဖိလုပ်မနေနဲ့နော် ..လုပ်သင့်တာလုပ် ပျော်သင့်တာပျော် "

" ဒယ်ဒီရယ် သမီးကလေးမဟုတ်တော့ပါဘူး .. သမီးအတွက် ဘာမှပူမနေနဲ့ ..ဒယ်ဒီသာ အသက်ကြီးနေပြီ ကိုယ့်ကိုကိုယ်ကျန်းမာအောင်ဂရုစိုက် "

" ဒယ်ဒီက အလတ်ကြီးရှိပါသေးတယ် .. ဒယ်ဒီ့အတွက် ဘာမှမပူနဲ့ .. သမီးမေသာပျော်အောင်နေပါ "

" ဒယ်ဒီ..... မောင်တို့ကို ဂရုစိုက်ပေးလိုက်ပါအုံး "

" မောင်လေးဘေးမှာ ဆူးခက်နွယ်တစ်ယောက်လုံးရှိနေပါတယ် ...

ဆူးခက်နွယ်က ထက်မြက်တဲ့မိန်းကလေးတစ်ယောက်မို့လို့ မောင့်ကို အပြည့်အဝစောင့်ရှောက်နိုင်မှာပါ ..."

" သမီးသိတယ် အဲ့တာကြောင့်ဘဲ ... သမီးစိတ်ချလက်ချ ထွက်လာခဲ့နိုင်တာပေါ့ ...  ဘာဘဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးကို ဂရုစိုက်ပေးလိုက်ပါ "

" စိတ်ချပါ.. နည်းနည်းလေးတောင် မထိခိုက်စေရဘူး "

" ချစ်တယ်..ဒယ်ဒီ "

ဒယ့်ဒီကိုထွေးပွေးနှုတ်ဆက်လိုက်ချိန်တွင်တော့ ဝမ်းနည်းမိသည် ။

အတ္တကြီးစွာ ထွက်သွားတဲ့ သမီးဖြစ်သူကို အပြုံးနဲ့နှုတ်ဆက်နေတဲ့ ဒယ်ဒီကိုအားနာမိသည် ။

မိဘကိုမေ့တဲ့အထိ မောင့်အပေါ်မှာ အစွဲအလန်းကြီးနေမိသလား ။

တစ်စုံတစ်ခုအပေါ် စွဲလန်းမှုလွန်ကဲသွားတဲ့အခါ တခြားအရာတွေကိုမေ့လျော့သွားတတ်တာ သဘာဝလား ။

သေချာတာကတော့ ကျွန်မဘဝတစ်လျှောက်လုံး မောင့်မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပြီးနေလာခဲ့မိတာပင် ။

>>>>>>>>>>>

" မောင်နေလဲမကောင်းဘဲနဲ့ ဘာလို့အပြင်ထွက်နေတာလဲ "

အခန်းထဲဝင်လာတာနဲ့ ဝရံတာတွင် ကောင်းကင်ကို မော့ကြည့်နေတဲ့ မောင့်ကိုစိတ်ပူစွာနဲ့ မေးလိုက်သည် ။

" မ... မောင့်ရဲ့စိတ်ထဲမှာ တစ်ခုခုဟာနေသလို ခံစားနေရတယ် "

ကောင်းကင်ကို မော့ကြည့်နေကတည်းက မောင်တစ်ခုခုဖြစ်နေသည်ကိုသိသည် ။

မောင်သည် သူစိတ်အဆင်မပြေတဲ့အချိန်တိုင်း ကောင်းကင်ကိုမော့ကြည့်ပြီး တိတ်ဆိတ်နေတတ်သည် ။

" မောင် "

လှည့်ကြည့်လာတဲ့ မောင့်ရဲ့မျက်ဝန်းတို့တွင် ဝမ်းနည်းနေသည့် အရိပ်အယောင်များစွာကို တွေ့နေရသည် ။

" ဝမ်းနည်းနေတဲ့အချိန်မှာ အချိုစားရတယ်တဲ့..

အချိုစားရင် စိတ်ကိုပျော်ရွှင်စေတယ် ... မောင်စားကြည့်မလား "

အူကြောင်ကြောင်ကြည့်နေတဲ့ မောင့်ရဲ့ပုံစံလေးဟာ အသည်းယားစရာပင် ...

ဖျက်ကနဲမောင့်ရဲ့နှုတ်ခမ်းပါးကို နမ်းရှိုက်လိုက်ရချိန် ပြီးပြည့်စုံခြင်းဆိုတဲ့ အရာဟာ မောင့်ရဲ့နှုတ်ခမ်းပါးထက်မှာပင် ။

နူးညံ့တယ် ချိုမြိန်တယ်ဆိုတာထက် သိပ်ကိုစွဲလန်းစရာကောင်းသည် ။

" ဘယ်လိုလဲ .. ချိုရဲ့လား "

" ဘာ.. ဘာကြီးလဲ "

မျက်နှာနီရဲစွာနဲ့ အရှက်သည်းနေတဲ့ မောင်ရဲ့ပုံစံလေးကို မြင်လိုက်ရတဲ့ ဒီအချိန်ဟာ စာကားလုံးများဖြင့် ဖော်ပြလို့မရအောင်ပင် မြတ်နိုးရသည် ။

ပိုင်ဆိုင်ချင်စိတ်တို့ ဖြစ်ပေါ်လာသော စိတ်အစုံတို့ကို ဘယ်လိုနတ်ဘုရားမျိုးက ထိန်းချုပ်ပေးနိုင်မည်နည်း ။

စီးကရက်ထက် စွဲလန်းဖို့ကောင်းတဲ့ မောင့်နှုတ်ခမ်းလေးကို ထပ်ဖန်ထပ်ဖန်နမ်းရှိုက်မိသလို လှိုက်တက်လာတဲ့စိတ်ဆန္ဒတို့ဟာလဲ အထိန်းအချုပ်မဲ့လျက် ။

ခြေလှမ်းတို့ဟာ ခုတင်ဆီသို့ဦးတည်နေခဲ့ပြီး ခုတင်ထက်သို့ ကျရောက်သွားသော ထပ်တူကျနေသော ခန္ဓာကိုယ်နှစ်ခုကိုလဲ ဘယ်လိုအင်အားမျိုးကမှ ရပ်တန့်နိုင်လိမ့်မည်မဟုတ် ။

နက်ရှိုင်းလာသောအနမ်းတို့နှင့်အတူ ပြင်းပြနေသောစိတ်ဆန္ဒတို့ကြောင့် နှုတ်ခမ်းပါးမှတစ်ဆင့် အောက်သို့ဆင်းကာ လည်တိုင်တစ်လျှောက်နမ်းရှိုက်မိတော့သည် ။

သွေးကြောလေးတွေပင် မြင်နေရသော ဖြူဖြူဖွေးဖွေးလည်တိုင်လေးကို နမ်းရှိုက်ရုံတင် အားမရ၍ သွားဖြင့် ခပ်ဖွဖွဖိကိုက်မိတော့သည် ။

" အ.. မ ခဏ..ခဏလေး "

" ဘာဖြစ်လို့လဲ မောင်ရဲ့ "

" ဟို...ဟို... "

" ဘာဟိုလဲ မောင်ရဲ့ "

" ဟိုလေ‌.... နေ..‌‌..နေရာမှားနေသလားလို့ "

စကားတွေထစ်အစွာ ပြောနေတဲ့ မောင့်ကိုကြည့်ကာ ရယ်လိုက်မိသည် ။

ဒီလိုပုံစံနဲ့ ဦးဆောင်ချင်သေးတာလား ။

" ကလေးက ... ကလေးလို နေရမှာပေါ့ "

" မဟုတ်...အွင့် "

ပိတ်ပင်ခြင်းခံလိုက်ရသော နှုတ်ခမ်းပါးလေးမှ စကားလုံးတို့ဟာ ထွက်ကျလာခြင်းမရှိတော့ပေ ။

ရင်ခုန်သံတွေနဲ့ တစ်ညတာဟာ သာယာလှပသလို

ဒီညတော့ လမင်းကြီးကို စကားပြောမဲ့သူမရှိတော့ လမင်းကြီးလဲ နာအေးရရှာတာပေါ့ ။

###################

Smirk123

ဒီstoryလေးကတော့ နာကျင်စရာတွေကိုသာ အဓိကထားရေးထားတဲ့အတွက် sweetဖြစ်တာတွေနည်းပါတယ် ။

သုတထက်တို့အကြောင်းကို အပြည့်အစုံမရေးထားတာဟာ မောင်ဟာသူ့မိဘတွေကို ကာကွယ်ပေးချင်ခဲ့လို့....

မောင်ကိုယ်တိုင်ဖုံးကွယ်ထားချင်တဲ့ အရာဖြစ်နေတဲ့အတွက်ကြောင့်ပါ ...

အမှားမရှိတဲ့ လောကဆိုတာ မရှိသလို...

ပြီးပြည့်စုံတဲ့ချစ်ခြင်းဆိုတာလဲ မရှိပါဘူး ...

နောက်ပြီး ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ပေးတိုင်းပြန်မရတတ်ပါဘူး ....

စာဖတ်သူတို့ ဖတ်ရတာ အဆင်မပြေသည်ရှိခဲ့သော် ကျနော်ရဲ့ လိုအပ်ချက်များကြောင့်သာ ဖြစ်၍ ဝေဖန်ထောက်ပြနိုင်ပါသည် ။

ဒါဟာ ကျနော့်အတွက် ပိုမိုကောင်းမွန်တဲ့ စာရေးခြင်းလမ်း‌ကြောင်းကို ဆက်သွားနိုင်လိမ့်မည် ဖြစ်သည် ။

###################

PreviousContents
Last Chapter
PreviousContents
Next