Chapter 24: Part.24

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 40483

ကောင်းကင်ယံ၏ တောင်ဘက်ခြမ်းမှနေ၍ မိုးများဟာညှို့တက်လာနေပြီး

စိုစိုစွတ်စွတ်လေအေးများဟာလဲ တပြိုင်နက်တိုက်ခိုက်လာလေသည် ။

စိုစွတ်လာတော့မည့် ရာဥတုနဲ့အပြိုင် မျက်ဝန်းအိမ်မှ မျက်ရည်တို့ဟာလဲ ဝဲတက်၍လာလေသည် ။

ဖြူဖြူဖွေးဖွေးအုတ်ဂူလေးရှေ့တွင် ရပ်နေသော မိန်းကလေး၏ ပါးပြင်ထက်၌ မျက်ရည်စတို့ဟာ ခစားလာကြသည် ။

စီးကျလာသော မျက်ရည်စတို့ကို သုတ်ဖယ်ခြင်းမရှိဘဲ တစ်စုံတစ်ခုသော အတွေးတို့ကြောင့် မျက်ရည်တို့ဟာ ပိုမိုစီးကျလာသယောင်

" တောင်းပန်ပါတယ် ကိုကို "

တုန်တုန်ရီရီထွက်လာသော စကားသံတို့ဟာ အမှန်တကယ်ဝမ်းနည်းနေကြောင်း‌ကို ဖော်ပြနေသည် ။

ရှိုက်သံတချို့ဟာလဲ ရောထွေးနေခဲ့ပြီး မျက်ရည်တို့ဟာလဲ စီးကျလျက်ပင် ...

" ကိုကို... နွယ့်ဆီကထွက်သွားတာ ၂နှစ်တောင်ပြည့်တော့မယ် ... ကိုကို အဆင်ပြေရဲ့လား... ဘယ်များရောက်နေပြီလဲ "

စကားသံတို့ဟာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပေမဲ့ ထိုစကားသံများကို ကြားနိုင်သူတစ်ယောက်မှ ရှိမနေခဲ့ ။

" ကိုကိုမရှိတော့တဲ့ ၂နှစ်အတွင်းမှာ နွယ်အများကြီးပြောင်းလဲ သွားတယ်သိလား....

နွယ်လေ .. နွယ့်မှာလေ ကိုကို့အပြင် ချစ်ရမဲ့သူ ရှိနေခဲ့ပြီ ...

ကိုကို့အတွက် မတရားဘူးဆိုပေမဲ့ ..

နွယ်မောင့်ကို သိပ်ချစ်တယ် "

မောင်ဆိုတဲ့ နာမ်စားလေးကို နှုတ်ကထွက်လိုက်တာနဲ့ ကြည်နူးမိသည် ။

တဆက်တည်း မောင့်ကို အရမ်းလွမ်းမိသည် ။

" နွယ်အရင်က သုတထက်ကို အရမ်းမုန်းခဲ့တာ "

" ဒါပေမဲ့ အခုတော့ နွယ်အားလုံးသိခဲ့ရပြီ ... သုတထက်က မောင့်အတွက် အားလုံးအနစ်နာခံပေးခဲ့တယ်ဆိုတာ..

ကိုကိုတို့ စီးသွားတဲ့ကားက မတော်တဆ တိမ်းမှောက်သွားခဲ့ပေမဲ့ သုတထက်ရဲ့ အစီအစဉ်တွေအားလုံး အောင်မြင်ခဲ့ပါတယ် ...

မောင်ကလဲ စည်းစိမ်ဥစ္စာတွေကိုရော အမှန်တရားတွေကိုရော အခုချိန်ထိ ထိန်းသိမ်းထားခဲ့တာ ...

ဒါပေမဲ့လေ မောင်က သူ့မိဘတွေကို သားသမီကိုပြန်သတ်တဲ့ လူသတ်တရားခံ အဖြစ်မခံနိုင်လို့ထင်တယ် သူကိုယ်တိုင် အမှန်တရားတွေကို ဖုံးကွယ်ထားခဲ့တာ ...

မောင်အရမ်းပင်ပန်းခဲ့မှာ... မောင်အများကြီး ပင်ပန်းခဲ့တာ ...

ဘာဘဲဖြစ်ဖြစ် ကိုကိုနဲ့ သုတထက်နှစ်ယောက်လုံးကို ကျေးဇူးတင်တယ် မောင့်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြလို့ "

" မောင်က အခုချိန်ဆို ဘေးကင်းကင်းနဲ့လုံလုံခြုံခြုံရှိနေမှာပါ ...

မောင့်ကို နာကျင်အောင်လုပ်မဲ့လူတွေ မောင့်ဘေးမှာ တစ်ယောက်မှ မရှိတော့လို့လေ .. ဟင်း..ဟင်း "

ခပ်ဖွဖွရယ်သံရဲ့နောက်မှာတော့ မျက်ရည်စက်တွေပါနေခဲ့သည် ။

ကိုယ်တိုင်က နာကျင်အောင်လုပ်ခဲ့တဲ့သူမို့ မောင့်အနားကနေ ထွက်ပြေးခဲ့တာ ။

အပြစ်ရှိနေတဲ့ စိတ်တို့ဟာလဲ မောင့်ရဲ့အဝေးမှာ နေစေရန် ဒဏ်ခတ်ထားလေသည် ။

မောင့်ကိုဆုံးရှုံးရမယ်ဆိုတဲ့ အတွေးတွေလဲ ခေါင်းထဲရှိမနေခဲ့တော့ဘူး ... ဘာလို့ဆို ပိုင်ဆိုင်ထားရက်နဲ့ တန်းဖိုးမထားတတ်ခဲ့တဲ့ ကျွန်မဟာ မောင့်ကိုပိုင်ဆိုင်ခွင့်မရှိခဲ့ဘူး ....

နောက်ပြီး ဒီမိန်းမဟာ မောင့်အချစ်နဲ့ မထိုက်တန်ခဲ့ဘူး ။

ကတိတွေပေးပြီး မတည်ပေးခဲ့သလို မောင့်ကိုလဲ မယုံကြည်ပေးခဲ့ဘူး ။

ဒီလိုရက်စက်တတ်တဲ့ မိန်းမဟာ မောင့်ရဲ့အဝေးမှာဘဲနေဖို့ ထိုက်တန်ပါတယ် ။

" မောင် မမနဲ့ဘဲ အတူတူနေချင်တယ် ... မမနဲ့နေရတာ မောင်ပျော်တယ် "

" ကလေးလေးက မမနဲ့အတူတူနေချင်တာလား "

ပါးဖောင်းဖောင်းလေးနဲ့ကလေးငယ်ဟာ ခေါင်းတဆက်ဆက်ငြိမ့်ပြ၍ အတူနေချင်ကြောင်းကို ဖော်ပြနေသည် ။

" ကလေးလေးက ငယ်သေးတယ်လေ .. မမကလဲ ငယ်သေးတယ် အဲ့တော့ အတူနေလို့မရသေးဘူး "

ငြိုးကျသွားတဲ့ မျက်နှာလေးနဲ့အတူ နှုတ်ခမ်းလေးဟာလဲ ဆူလျက် ။

ပါးဖောင်းဖောင်းလေးကို အသာဆွဲညစ်လိုက်တော့ နှုတ်ခမ်းလေးဟာ ပို၍ပင် ဆူထွက်လာသည် ။

" ကြီးလာရင်ရော .. မမနဲ့အတူနေလို့ရမှာလား "

" ရတာပေါ့ ... ကြီးလာရင် မမနဲ့ကလေးလေးနဲ့ တစ်အိမ်ထဲမှာ တူတူနေကြမယ်လေ "

" တကယ်နော် ... ကတိ "

" ကတိ "

လက်သန်းချင်းချိတ်ပြီး ကတိပေးခဲ့ကြတဲ့ ကလေးငယ်နှစ်ဦး........

ဖန်ခွက်ထဲက လက်ကျန်အရက်ကို အကုန်မော့လိုက်တော့ လည်ချောင်းတစ်လျှောက် ပူပြင်းစွာ စီးဝင်သွားကာ ရင်ထဲကအပူမီးတွေကို ပိုပြီး အားဖြည့်ပေးနေသယောင် ။

အတိတ်က ပုံရိပ်တွေဟာ တဖြတ်ဖြတ်နှင့်

တစ်ခုချင်းစီကို အလွတ်ကျတ်ထားသည့်နှယ် အကုန်လုံးကို ပြန်မှတ်မိနေခဲ့သည် ။

မောင့်ကို ဟိုးအရင်ကတည်းက ဒဏ်ရာတွေပေးနှင့်ခဲ့သူဟာ သူမကိုယ်တိုင်ပင် ..

မတည်နိုင်ခဲ့တဲ့ကတိတွေဟာ မောင့်အတွက်တော့ မျှော်လင့်ချက်တစ်ခု ဖြစ်နေခဲ့မလား ။

အခုတော့ မောင်ဟာ မျှော်လင့်ချက်တွေ ရိုက်ချိူခံခဲ့ရပြီလား ...

မောင့်အနားက ထွက်ပြေးလာခဲ့မိတာ မှားများမှားသွားခဲ့ပြီလား ...

မောင်အခု အဆင်ရောပြေပါ့မလား...

မောင် အရင်လိုဘဲ နာကျင်နေရအုံးမှာလား...

မေးခွန်းပေါင်းများစွာနဲ့ အတွေးတွေဟာ တောင်စဉ်မရ..... ဒီလိုအခြေ‌အနေမျိုးဟာ ယနေ့တစ်နေ့တည်းတော့မဟုတ်ခဲ့....

" ဆူး ... ဆက်မသောက်နဲ့တော့ .. နင်များနေပြီ "

သက်ထားရဲ့ ဟန့်တားသံဟာ နားထဲရောက်မည်တော့မဟုတ် ။

သောက်လက်စအရက်ကိုသာ တစိုက်မတ်မတ်သောက်နေခဲ့သည် ။

ဒါဟာ ကျွန်မအတွက် တစ်ခုတည်းသော စိတ်ထွက်ပေါက် လွတ်လပ်မှုသာ ဖြစ်သည် ။

မူးနေတဲ့အချိန်ဆို မောင့်အကြောင်းတွေဘဲ ခေါင်းထဲမှာရှိနေခဲ့ပြီး မောင်နဲ့ပတ်သတ်တဲ့သေးသေးလေးကအစ မှတ်မိနေတာလေ ။

ပုံမှန်ချိန်နဲ့ နာကျင်တာချင်းတူရင်တောင် ဒီအချိန်က လွတ်လပ်သလိုခံစားရသည် ။

" ဆူး ... ငါတို့ပြောနေတာ ကြားရဲ့လား... နင်ဒီပုံစံအတိုင်းသာ ဆက်နေနေရင် နင်သေသွားလိမ့်မယ် သိရဲ့လား "

အရာအားလုံးကို လွှတ်ချပြီး မောင့်အနားကထွက်လာကတည်းက ဆူးခက်နွယ်ဆိုတဲ့ မိန်းမဟာ သေသွားခဲ့ပြီလေ ဒါကိုရော သူတို့သိရဲ့လား ။

" နင် တလလုံးလုံး ဒီအရက်တွေဘဲ သောက်နေခဲ့တာ ... နင့်ကိုနင်မသနားဘူးလား..."

" ငါကဘာလို့ သနားရမှာလဲ .. ကိုယ့်ချစ်သူတစ်ယောက်လုံးကိုတောင် သေတွင်းထဲတွန်းပို့ခဲ့တဲ့ ငါ့ကိုယ်ငါ သနားရမယ် ဟုတ်လား ...ဒီလို မိန်းမက မြန်မြန်သေမှ နားအေးမှာ "

" ဆူးရာ နင်မှားနေပြီ .."

" ဟုတ်တယ် ငါမှားနေတဲ့အတွက် ငါ့ကိုတစ်ယောက်တည်း လွှတ်ထားကြစမ်းပါဟာ .. "

" ငါတို့က သူငယ်ချင်းတွေလေ ဆူး... နင်ဒီလိုပုံစံ ဖြစ်နေတာကို ငါတို့က ဒီအတိုင်းကြည့်ရက်နိုင်ပါ့မလား ... ဆူး နင်ဒီလိုပုံစံဖြစ်နေတာ နင်ကိုယ်တိုင်ရပ်တန့်ပြီး ပြုပြင်မလား ငါတို့ပြင်ပေးရလား "

" နင်တို့ကြိုက်သလိုသာလုပ်ဟာ... အခုတော့ ငါ့ကို တစ်ယောက်တည်း ပေးနေကြစမ်းပါ ... ငါတောင်းပန်ပါတယ် "

မေဘယ်နဲ့သက်ထား ကိုယ်စီသက်ပြင်းချလိုက်ကြပြီး ဘယ်လိုမှနားချလို့ မရနိုင်တဲ့ သူငယ်ချင်းဖြစ်သူကို ကျောခိုင်းကာ ထွက်လာခဲ့ရပြန်သည် ။

နေ့တိုင်းနားချပေမဲ့ တစ်နေ့မှနားမထောင်ဘဲ လုပ်ချင်တာလုပ်နေခဲ့တာ တစ်လပင်ကျော်လေသည် ။

ဒီပုံစံအတိုင်းသာ ဆူးအတွက် ဒုက္ခရောင်နိုင်သည် ။

ဘယ်အရာတွေကများ ဒီလောက်ခက်ခဲစေခဲ့တာလဲ ။

အဆင်ပြေနေခဲ့တဲ့ ဘဝတွေဟာ ဘယ်နေရာတွေမှာ စမှားသွားခဲ့ကြတာလဲ။

>>>>>

မနက်ခင်းတွေဟာ သာယာမှုကင်းမဲ့နေသလို

ညတွေဟာလဲ အဓိပ္ပါယ်‌မဲ့နေခဲ့သည် ။

ဒီလိုအခြေအနေ ဒီလိုပုံစံမျိူးကို ကြိုတွေးထားသော်လည်း တကယ်တမ်းလက်တွေ့ကျ ခံနိုင်စွမ်းကင်းမဲ့ခဲ့သည် ။

ကိုယ်ချစ်ရတဲ့သူကို ပျော်စေချင်တဲ့ခံစားချက်ကို ချစ်ဖူးတဲ့သူတိုင်း နားလည်ကြသည် ။

နေသားကျသွားမှာပါဆိုတဲ့ စိတ်နဲ့ ထင်ရာကိုလုပ်ခဲ့မိတာ အခုတော့မှားနေခဲ့ပြီလား ။

" မောင် .. မအိပ်သေးဘူးလား "

ခုတင်စောင်းတွင် ယခင်နေ့များကအတိုင်း ပုံစံမပြောင်းလဲ ပြတင်းပေါက်ဘက်သို့ မျက်နှာမူကာ ထိုင်နေသော မောင့်ပုံစံကို မြင်ရသည်မှာ စိတ်မသက်သာလှ .....

အခုချိန်ထိ စကားတလုံးမှ မဆိုသေးသလို မျက်ဝန်းသေများဟာလဲ မပြောင်းလဲသေးပေ။

မောင်ဟာ ဒီပုံစံအတိုင်းဘဲ နေထိုင်‌သွားတော့မည်လား ။

" မမပြောနေတာကြားရဲ့လား ...မောင်လေး "

ခေါင်းမော့၍ ကြည့်လာသော မောင်ရဲ့မျက်ဝန်းများကိုမကြိုက်ပေ ။

ခံစားချက်မဲ့နေတဲ့ မောင့်ရဲ့ မျက်ဝန်းတို့ကိုမုန်းသည် ။

ထသွားဖို့ဟန်ပြင်နေသော မောင့်ကို အသာလှမ်းဆွဲလိုက်ပြီး...

" ဘယ်သွားမလို့လဲ

"

ဆွဲထားသော လက်တို့ကို ရုန်းကန်နေတဲ့ မောင့်ရဲ့လက်ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး..

" မမ မေးနေတယ်လေ "

စကားပြန်မရမှန်းသိသော်လည်း မောင့်ရဲ့အခုလိုပုံစံကိုပြောင်းလဲချင်သည် ။

" သုတမောင်! "

အနည်းငယ် အသံမြှင့်ကာ အော်လိုက်မှ ရုန်းကန်နေတဲ့လက်တို့ဟာ ရပ်တန့်သွားခဲ့သည် ။

သို့သော် ဘာစကားမှတော့ ထွက်လာခြင်းမရှိပေ ။

" ဘာလို့လဲ .. ဘာလို့ဒီလိုပုံစံမျိုး နေနေရတာလဲ ...

ဟမ်... ဘာကြောင့်များလဲ မောင်ရယ် "

" မ "

အချိန်အတော်ကြာမှ ထွက်လာသော စကားသံဟာ ဒေါသနှင့်အတူ ဝမ်းနည်းစိတ်တို့ကို တဆက်တည်းဖြစ်ပေါ်စေသည် ။

ဆူးခက်နွယ်ဆိုတဲ့ မိန်းမဟာ မောင့်စိတ်ထဲတွင် ယခုတိုင်တည်ရှိနေဆဲ ....

ဒေါသစိတ်တို့ထက် ဝမ်းနည်းစိတ်တို့ဟာ ပိုအလေးသာခဲ့ဟန်တူသည်

ပါးပြင်ပေါ်က မျက်ရည်တို့ဟာ အဖြေဖြစ်လိမ့်မည် ။

မောင်နဲ့ပတ်သတ်ရင် ဒီမိန်းမဟာ သိပ်ကိုပျော့ညံ့လွန်းသည် ။

မျက်ရည်တွေလဲ အလွယ်တကူ ကျဆင်းတတ်သလို

အလွယ်တကူလဲ ပြိုလဲလွယ်သည် ။

ဒီလိုပျော့ညံ့မှုတွေဟာ မောင့်နဲ့မှဖြစ်ပေါ်တတ်တာကို မောင်သိပါရဲ့လား ။

" သူ့ကြောင့်ဘဲလား .... အမြဲတမ်း အမြဲတမ်းသူ့ကြောင့်နဲ့ဘဲ  ကိုယ့်ကိုကိုယ် နာကျင်အပင်ပန်းခံနေမှာလား ဟမ်!!!..... မောင် မစဉ်းစားတတ်တော့ဘူးလား..

သူကြောင့်နဲ့ဘဲ မောင် ဒီလို ခံစားချက်မရှိတော့တဲပုံစံနဲ့ တစ်သက်လုံးနေသွားတော့မှာလား "

" မကို သိပ်ချစ်တယ် "

သေနိုင်တယ် ... စကားတစ်ခွန်းနဲ့ သေစေနိုင်တယ်

စိတ်အစုံတို့ဟာ ချောက်အနက်ကြီးထဲ ဆွဲချခံကသလို

ဖမ်းဆုပ်ထားတဲ့ လက်တို့ဟာလဲ ဆက်လက်ဆုပ်ကိုင်နိုင်စွမ်းမရှိတော့ချေ ။

ဒီလိုနာကျင်မှုမျိုးဟာ နာကျင်ပါတယ်ဆိုတဲ့ နာကျင်မှုများထက် အဆပေါင်းများစွာ ပိုနာသည် ။

စကားလုံးများနှင့် လူသတ်နိုင်သည်ဆိုတာ မှန်၏ ။

မောင်သည် စကားလုံးတစ်ခုတည်းနဲ့ ပြိုလဲသွားအောင် လုပ်ဆောင်ခဲ့သည် ။

ဝမ်းနည်းစိတ်တို့ဟာ လှိုက်တက်လာခဲ့ပြီး တွဲဖက်ဖြစ်တဲ့ မျက်ရည်တို့ဟာ စီးကျလျက် ။

တခဏအတွင်း ပတ်ဝန်းကျင်ရှိ အရာများဟာ ရပ်တန့်လျက်ရှိပြီး အရာအားလုံးဟာ မောင့်ရဲ့စကားသံအောက်တွင် ကျဆုံးသွားရတော့သည် ။

" မောင် ..."

လှည့်ကြည့်လာတဲ့ မောင့်ရဲ့မျက်ဝန်းတို့တွင် ပြောင်းလဲခြင်းများကို တွေ့ရနေသည် ။

အခု ကျွန်မရဲ့ ပြိုလဲနေသော ပုံစံကြောင့်လား

ကျွန်မရဲ့မျက်ရည်ကြောင့်လား ....

မောင့်ရဲ့ ပြောင်းလဲခြင်းတို့ဟာ စတင်နေသည် ။

" မောင် မမဘက်ကို တခါလောက်ဖြစ်ဖြစ် လှည့်ကြည့်ပေးလို့မရဘူးလား ... ဟင် ... တစ်ခါလောက်ဖြစ်ဖြစ် လှည့်ကြည့်ပေးလို့မရဘူးလား !!!"

" မမလဲ နာကျင်ရတယ် ... မောင်နာကျင်ရသလို မမလဲ ထက်တူနာကျင်ရတယ် .. အဲ့တာမောင်သိရဲ့လား .. မောင်သိရဲ့လားလို့ "

လူတစ်ယောက်ရှေ့မှာ အလဲလဲအပြိုပြိုဖြစ်နေရတာ ကျွန်မမေမာန်ထက်မှ ဟုတ်ပါရဲ့လား ။

အားလုံးထက် ပိုထက်မြတ်ပြီး အရာအားလုံးထက် ပိုမာကြောတဲ့ ကျွန်မက အခုမောင့်ရှေ့မှာတော့ ကူရာမဲ့စွာ ပြိုလဲခဲ့ရသည် ။

" ကျနော်သိတယ် ... မမမေနာကျင်ရမယ်ဆိုတာကို သိတယ် ... ကျနော်နာကျင်ရသလို မမမေလဲ ထပ်တူနာကျင်ရမယ်ဆိုတာကို သိတယ် "

မောင်ဟာ သိနေခဲ့သည်

မောင်ဟာသိရက်နဲ့ မသိချင်ယောင်ဆောင်ကာ လျစ်လျှူရှုခဲ့သည် ။

မောင့်ကို ရက်စက်တယ်လို့ မဆိုရက်သော်လည်း မောင်ဟာ သိပ်ရက်စက်သည် ။

" တောင်းပန်ပါတယ် ...နာကျင်စေခဲ့မိလို့ ... မောင် တောင်ပန်ပါတယ် "

ခံစားချက်မဲ့နေခဲ့သော မောင့်ရဲ့မျက်ဝန်းတို့ဆီမှ မျက်ရည်တို့ဟာ ကျဆင်းလာခဲ့သည် ။

မောင့်ရဲ့မျက်ရည်တို့ကို ထာဝရပျောက်ကွယ်သွားစေချင်ခဲ့တာ ။

အခုတော့ မောင့်ကိုထပ်ပြီး နာကျင်အောင်လုပ်မိပြန်သည် ။

" မောင် မတောင်းပန်နဲ့ .. ဒါမောင့်အမှားမဟုတ်ဘူး ...

မငိုနဲ့တော့ ... မောင့်ရဲ့မျက်ရည်တွေက မကိုပိုပြီးနာကျင်စေတယ် "

နူးညံ့သောပါးပြင်ပေါ်သို့ ထိတွေ့ရချိန်သည် ကြည်နူးရဆုံးအချိန်ဖြစ်ခဲ့သော်လည်း ယခုပါးပြင်ပေါ်က မျက်ရည်တွေ သုတ်ပေးနေရသည့်ဒီအချိန်ဟာ ရင်အနာရဆုံး ဖြစ်လိမ့်မည် ။

" မမမေနဲ့အတူရှိနေရရင် ပျော်တယ် .... မောင့်အပေါ် ကိုနွေးနွေးထွေးထွေး ဆက်ဆံ ပေးခဲ့တယ် ... မမမေသာ မောင့်အနားမှာရှိနေရင် လုံခြုံတယ်လို့ မောင်ခံစားရတယ် ...

မောင်တို့သာ အရင်းနှီးဆုံး သွေးသားမတော်စပ်ဘဲ သူစိမ်းသာဖြစ်ခဲ့ရင်.... မောင် မမမေကို ရွေးချယ်မိမယ်ထင်တယ် ...ဒါပေမဲ့ "

" ရပြီမောင်....ရပြီ...

ဒီလောက်ဆို မောင့်အနားမှာ တစ်သက်လုံးရှိနေပေးဖို့အတွက် အကြောင်းပြချက် လုံလောက်ပြီမို့လို့ .... ကျေးဇူးဘဲ မောင်..

မောင်လိုအပ်ချိန်တိုင် အနားမှာရှိနေပေးမှာမို့လို့ မငိုနဲ့တော့ ...."

မျက်ရည်တွေကို သုတ်ပေးရတဲ့လက်ဟာ နာကျင်မှုကိုလိုလားပါ့မလား ။

စည်းတွေသာ မခြားထားခဲ့ရင်...

ကံကြမ္မာသာ မျက်နှာသာပေးခဲ့ရင် ...

မောင်းကိုပိုင်ဆိုင်ခွင့် ရှိနိုင်မည်လား ။

ပိုင်ဆိုင်ခွင့်မရှိရင်တောင် ချစ်ခွင့်တော့ရှိသေးသည် ။

ကိုယ်ချစ်ရတဲ့သူကို တခြားတစ်ယောက်လက်ထဲ ကြည်ဖြူစွာ ထည့်ပေးလိုက်ရခြင်းဟာ ပေးဆပ်ခြင်းတစ်မျိုးဘဲလား ။

ပေးဆပ်ခြင်းတွေဟာ နာကျင်ရပေမဲ့ ကိုယ်ချစ်ရသူအတွက်ဆို ချိုမြိန်တဲ့ နာကျင်ခြင်းသာ ဖြစ်လိမ့်မည် ။

အနည်းဆုံးတော့ သူပျော်ရွှင်နေတာကို အဝေးကနေ ငေးကြည့်ခွင့်ရှိသေးသည် ။

တိမ်‌တွေဟာ တွယ်ငြိရာမရှိဘဲ လေတိုက်ရာအရပ်ကို စီးမျောနေတတ်သည် ။

တွယ်ငြိစရာအရာတွေရှိရင် ဆုံးရှုံးရတတ်တယ်တဲ့ ...

မောင်ဆိုတဲ့လူသားကို အချစ် မေတ္တာ သံယောဇဉ် ရှိသမျှကြိုးတွေနဲ့ တွယ်ငြိနေမှတော့ ဒီလူဟာ ကိုယ့်ကိုကိုယ်လဲ ဆုံးရှုံးရသလို မောင့်ကိုလဲ ပိုင်ဆိုင်နိုင်ခြင်းမရှိခဲ့ပြန်ဘူး ။

ကံကြမ္မာဟာ ရက်စက်သလို မောင်ကလဲရက်စက်သည် ။

ထပ်တူနာကျင်နေရမှန်းသိရက်နဲ့ မောင်ဟာ နာကျင်ဆိုတဲ့ လမ်းကိုသာ ထပ်ခါထပ်ခါ ရွေးချယ်ခဲ့သည် ။

ဘယ်အချိန်ထိတောင် ဒီလိုနာကျင်မှုကို ခံစားနေရမလဲ ။

ဘယ်အချိန်များမှ ဒီနာကျင်မှုဟာ ရပ်တန့်မှာလဲ ။

ဘယ်အချိန်များမှ လွတ်မြောက်နိုင်မှာလဲ ။

" သမီးမေ...."

ဂရုဏာသံအပြည့်နဲ့ ဖခင်တစ်ယောက်ရဲ့အသံဟာ သမီးဖြစ်သူရဲ့ နာကျင်မှုကို နားလည်ကြောင်းဖော်ပြနေသည် ။

" ဒယ်ဒီ အခုထိ မအိပ်သေးဘူးလား "

" အိပ်ပါပြီ တစ်ရေးနိုးပေါ့... ရေဆာတာနဲ့ ဆင်းလာလိုက်တာ ... သမီးမေရော အဆင်ပြေရဲ့လား....

ကြည့်ရတာတော့ တော်တော်ကွဲနေ ပုံဘဲ "

စားပွဲပေါ်က အရက်ပုလင်းနဲ့ ဆေးလိပ်အတိုအစများကို ကြည့်ကာ သမီးဖြစ်သူရဲ့ အခြေအနေကိုရိပ်မိသော်လည်း ဖခင်တစ်ယောက်အနေနဲ့ ဆူငေါက်ခြင်းမပြုလိုမူ ။

" ဟက်.... ဒယ်ဒီတောင်အကဲခတ် တတ်နေပြီဘဲ ...

ဘယ်လိုလဲ သမီးက အရှုံးသမားနဲ့တူနေပြီလား "

" မေမြင့်မိုရ်ဆိုတဲ့ အမျိုးသမီးက မိန်းမသားပေမဲ့ အားလုံးကို အနိုင်ယူပြီး သန်သန်မာမာနဲ့ အထက်မှာဘဲ အမြဲနေခဲ့တာလေ .. သူ့သမီးဖြစ်တဲ့ သမီးမေကလဲ အရာအားလုံးကို ရဲရဲဝင့်ဝင့်နဲ့ အနိုင်ယူခဲ့တဲ့ အမေတူသမီးဘဲ မဟုတ်လား ...."

" ဒီပွဲမှာတော့ သမီးရှုံးခဲ့တယ် ဒယ်ဒီရဲ့ ...

မောင့်ရဲ့အလုံးစုံကို အပိုင်ရထားတဲ့ ဆူးခက်နွယ်ဆိုတဲ့ အမျိုးသမီးဆီမှာ သမီးရှုံးခဲ့တယ် ...

မောင့်ကိုဘယ်သောခါမှ ပိုင်ဆိုင်ခွင့်မရခဲ့ဘူး....... ပိုင်ဆိုင်ခွင့်လဲ မရှိခဲ့ဘူး ....."

ဘယ်သောအခါမှ မျက်ရည်မကျတတ်ခဲ့တဲ့ သမီးမေဟာ သုတမောင်ဆိုတဲ့ ကလေးအတွက်နဲ့ အခါခါ မျက်ရည်တွေကျခဲ့တယ် ။

သန်မာပါတယ်ဆိုတဲ့ သမီးမေဟာ အခုတော့ အလဲလဲအပြိုပြိုနဲ့ အရက်ပုလင်းများကြား ခေါင်းစိုက်နေခဲ့တယ် ။

လူတွေဟာ တစ်စုံတစ်ခု တစ်စုံတစ်ယောက်ဆီမှာတော့ ကျရှုံးရစမြဲပါ ။

" သမီးမေ .. ဒယ်ဒီ့ကိုကြည့် "

မော့ကြည့်လာသော သမီးမေရဲ့ ပါးပြင်ပေါ်က မျက်ရည်များကို အသာသုတ်ပေးကာ စိတ်မကောင်းဖြစ်ရသည် ။

သားသမီးစိတ်ဆင်းရဲနေရသည်ကို ဘယ်မိဘကများ ရပ်ကြည့်နေနိုင်မည်နည်း ။

" သမီးမေမရှုံးဘူး .... ဒယ်ဒီပြောတာသေချာနားထောင် .. သမီးမေလုံးဝမရှုံးခဲ့ဘူး ....

သေချာစဉ်းစားကြည့် ...

သမီးမေ မောင်လေးကို စိတ်ဆင်းရဲအောင်လုပ်ဖူးလား ... နာကျင်ရအောင်လုပ်ဖူးလား "

" ဟင့်အင်း... သမီးမောင့်ကို တစ်ခါမှနာကျင်ရအောင် မလုပ်ဖူးဘူး "

ချက်ချင်းတုန့်ပြန်လာတဲ့ သမီးမေရဲ့အဖြေကြောင့် တစ်ချက်ပြုံးလိုက်မိသည် ။

သမီးမေဟာ သုတမောင်အပေါ်ကို အတော်အစွဲအလန်းကြီးနေခဲ့သည် ။

" အင်းလေ .. တစ်ခါမှတောင် နာကျင်အောင်မလုပ်ခဲ့ဖူးတာ သမီး‌မေက ဘာလို့ရှုံးရမှာလဲ ...

သမီးမေ မောင်လေးအပေါ်မှာ ဘယ်လောက်ချစ်ပေးခဲ့တယ် ဘယ်လောက်ထိပေးဆပ်ခဲ့တယ် မောင်းလေးပျော်ရွှင်ဖို့အတွက် ဘယ်လောက်ထိကြိုးစားပေးခဲ့တယ်ဆိုတာ ဒယ်ဒီသိသလို မောင်လေးလဲ သိတယ်ဟုတ် ...."

" မောင်က အားလုံးသိနေခဲ့တယ် "

" အဲ့ဒါဆို သမီးနိုင်တာပေါ့ ... ကာယံကံရှင်ဖြစ်တဲ့ မောင်လေးက အဲ့အရာတွေကို သိနေတယ် ခံစားလို့ရခဲ့တယ်ဆို သမီးရဲ့ကြိုးစားမှု ပေးဆပ်မှုက အောင်မြင်ခဲ့တယ်လေ ...

ဘာလဲ မောင်လေးကို မပိုင်ဆိုင်ရလို့ ရှုံးတယ်လို့ပြောတာလား .. အဲ့တာဆိုရင်တော့ သမီးရှုံးမှာနော် ..."

ဒယ်ဒီ့စကားတွေဟာ နာလည်မ‌ယောင်နဲ့ နားမလည်နိုင်သော စကားများဖြစ်နေသည် ။

ရီဝေဝေဖြစ်နေသောဦးခေါင်းဟာလဲ ဒယ်ဒီ့စကားများကို နားလည်ရန်စဉ်းစားနိုင်စွမ်းမဲ့နေသည် ။

" သမီးနားမလည်ဘူး ဒယ်ဒီ ... "

" သမီးမေ မောင်လေးကို ဘာကြောင့်ချစ်တာလဲ "

" သမီးမသိဘူး...မောင့်ကို ဘာကြောင့်ချစ်လဲတော့ သမီးမသိဘူး...

ဒါပေမဲ့ ..မောင့်ကို ငယ်ငယ်လေးနဲ့စတွေ့ချိန်ကတည်းက တွယ်တာမိတာ ... ကြောက်တတ်တဲ့ မောင့်ကို ကာကွယ်ပေးချင်ခဲ့တာ ... မောင့်ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးချင်တာ .. မောင့်အနားမှာဘဲ အမြဲရှိချင်တာ .... အမြဲတမ်း.. အမြဲတမ်းဘဲ "

" လူတိုင်းက ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်ကြတာ ဒယ်ဒီသိပါတယ် .... ဒါပေမဲ့ ပိုင်ဆိုင်ခွင့်မရှိတော့တဲ့အခါကျရင် စွန့်လွှတ်တတ်ဖို့လဲ ရွေးချယ်ရဲရမယ် ..

သမီးမေနဲ့ မောင်လေးက သူစိမ်းမဟုတ်ဘူးလေ ...

သွေးသားတော်စပ်နေတာ ...

အစောကတည်းက မဖြစ်နိုင်မှန်းသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ သမီးမေရဲ့ရွေးချယ်မှု မဟုတ်လား ...

သမီးရဲ့ရွေးချယ်မှုကို မှားတယ်လို့ ဒယ်ဒီဆိုလိုတာမဟုတ်ဘူး ...

ဒါပေမဲ့ .. လမ်းဆုံးဆိုတာ တစ်နေ့တော့ ရောက်လာမှာ ..နာကျင်ရမယ်မှန်းသိရက်နဲ့ ရွေးချယ်ခဲ့တဲ့လမ်းကို ဆက်လျှောက်သင့် မလျှောက်သင့်က သမီးမေ ဆုံးဖြတ်ရတော့မှာ..

ဒယ်ဒီနောက်ဆုံးပြောချင်တာက ပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူး ... မပိုင်ဆိုင်ရလဲ ပျော်ရွှင်မှုတစ်ခုအတွက် စွန့်လွှတ်လိုက်တာလဲ အချစ်ဘဲ သမီးမေ..

မောင်လေးပျော်နေတာကို မြင်ရဖို့က သမီးမေရဲ့ ဆန္ဒတွေထဲက အကြီးမားဆုံး တစ်ခု ဖြစ်မယ်လို့ ဒယ်ဒီထင်တယ် "

ဒယ်ဒီ့ရဲ့ဆိုလိုခြင်းကို သဘောပေါက်သွားတဲ့အခါမှာတော့ ခုနကထိ မွန်းကြပ်နေခဲ့တဲ့ စိတ်တို့ဟာ လွတ်လပ်လာသယောင် ။

မဖြစ်နိုင်တဲ့ အရာကို ပိုင်ဆိုင်ခြင်းဆိုတဲ့လောဘတက်ခဲ့မိခြင်းက ကိုယ့်ကိုကိုယ် နာကျင်မှုဒုက္ခထဲ ဆွဲချနေသလိုပင် ။

ဘယ်လိုပင်ဖြစ်နေပါစေ အဓိကက မောင်ပျော်ရွှင်နေဖို့သာ ...

ဘယ်သူ့ကြောင့်ဘဲဖြစ်ဖြစ် မောင့်အပြုံးလေးတွေ အသက်ဝင်လာစေဖို့သာ ...

" ဒယ်ဒီ... ဆူးခက်နွယ်ကို ရှာပေးပါ."

" Company အတွက်လား ... "

" မဟုတ်ဘူး ... မောင့်အတွက် .. သူကိုတွေ့မှရမယ် "

" ဒယ်ဒီ စုံစမ်းပေးမယ် "

ပန်းလေးတွေဟာ သူ့နေရာ သူ့ဒေသ သူ့ရာသီဥတုနဲ့ကိုက်မှသာ ပွင့်လန်းတတ်ကြသည် ။

အလှဆုံးပွင့်လန်းလာဖို့အတွက် လိုက်လျောညီထွေရှိတဲ့ နေရာဒေသ ရာသီဥတုဟာ မရှိမဖြစ်လိုအပ်လှသည် ။

###############