Chapter 22: Part.22

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 44715

လှောင်ရယ်သံတွေ ဖုံးလွှမ်းနေတဲ့ အခန်းလေးထဲမှာ ကောင်လေးတစ်ယောက်ဟာ တုန်လှုပ်ခြောက်ခြားစွာနဲ့..

မျက်လုံးတွေဟာလဲ ဂနာမငြိမ်တော့သလို တစ်ကိုယ်လုံးတုန်ရီနေကာ တစ်စုံတစ်ခုကိုကြောင်လန့်နေသယောင်.........

" အား!!! ထွက်သွား .... အားလုံးထွက်သွားကြ.. မကြားချင်ဘူး "

အခန်းထဲတွင် သူမှလွဲ၍ အခြားတစ်ယောက်မှရှိမနေခဲ့ ။

ထင်ယောင်ထင်မှားဖြင့် ကြားနေရသော အသံများကြောင့် နားနှစ်ဖက်ကိုအုပ်ကာ သွေးရူးသွေးတန်းဖြင့်အော်ဟစ်နေခဲ့ပြီး...

ရုတ်ချည်းအသံများအားလုံး တိတ်ဆိတ်သွားခဲ့သည် ။

"  မက ငါမရှိမှပျော်မှာ ... မက ငါမရှိမှပျော်မှာတဲ့ ...ငါ့ကိုမုန်းတယ်တဲ့ မ က ..ဘာလို့များ... ဘာလို့များ ငါ့ကိုမှ မုန်းကြတာလဲ ...

ငါက ဘာအပြစ်တွေများ လုပ်ထားမိလို့ ငါ့ကိုဘဲ ဘာလို့မုန်းတီးနေကြတာလဲ!!! "

မျက်ရည်အရွှဲသားနဲ့ စကားတွေကိုလဲ ဂယောက်ဂယက်ပြောနေခဲ့သလို..

စိတ်အစုံတို့ဟာ အသိစိတ်ကင်းမဲ့သွားကာ ဦးနှောက်ဟာလဲ ဘာတစ်ခုမှစဉ်းစားနိုင်စွမ်းရှိမနေတော့ပေ ။

" မက ငါ့ကိုမုန်းတယ်တဲ့... ဟား... မက ငါ့ဆီကနေထွက်သွားပြီ ... ငါ့အနားကနေထွက်သွားပြီ!! ဟားဟား!!!!

နာတယ် ... အရမ်းနာတယ် ... ဒီနေရာကအရမ်းနာတယ် "

ရင်ဘတ်ကိုထုကာ အော်ဟစ်ငိုကြွေးနေတဲ့ ရင်ထဲကဒဏ်ရာကို ဘေးလူတွေကစာနာနိုင်ပါ့မလား ။

နာကျင်မှုဆိုတာ ကိုယ်တိုင်ခံစားဖူးမှ နားလည်ပေးနိုင်တဲ့အရာဖြစ်သလို ကိုယ့်စိတ်ကိုထိန်းချုပ်မှုမဲ့နေတဲ့လူတစ်ယောက်ကို သတ်မှတ်ကြမှာက အရူးတစ်ယောက်လို ...

" မက အတ္တသိပ်ကြီးတယ် မျက်ရည်တွေနဲ့ မောင့်ကိုတစ်ချက်တောင်ပြန်ငဲ့မကြည့်ခဲ့ဘူး ... မောင့်ကိုချစ်တယ်ဆို ဒါနဲ့များ ဘာလို့လဲ!!.... ဘာလို့မောင့်ကို ထားခဲ့ရက်တာလဲ."

ငိုလိုက်ရယ်လိုက်နဲ့ စကားတွေတောင်စဉ်မရ အော်ပြောနေခဲ့တဲ့ ရင်ထဲကနာကျင်မှုတွေဟာ အစစ်အမှန်တွေသာဖြစ်သည် ။

တွယ်တာစရာမရှ်ိတော့တဲ့ ဒီလူရဲ့ ရင်ထဲမှာ နာကျင်မှုတွေဟာ အမြစ်တွယ်နေခဲ့ပြီ ။

မြူမှုန်တစသာရှ်ိသော ပျော်ရွှင်မှုလေးတွေဟာလဲ ပျောက်ကွယ်သွားခဲ့ပြီ ။

ခြောက်စပြုနေတဲ့ ပါးပြင်ပေါ်က မျက်ရည်တွေ

တိတ်ဆိတ်မှောင်မဲနေတဲ့ အခန်းလေးရယ်

နာကျင်စရာ နှလုံးသားကို ထွေးပွေ့ထားတဲ့ ဒီလူသား .....

အခန်းထဲတွင် ပြန့်ကျဲနေသော ပစ္စည်းအပိုင်းအစများထဲမှ တစ်နေရာကို စူးစိုက်ကြည့်နေမိသည် ။

ဗလာနတ္ထိဖြစ်နေတဲ့ စိတ်အစုံတို့ကြောင့်

ခပ်လတ်လတ်အရွယ် ပုလင်းကွဲအစလေးကို ကောက်ကိုင်လိုက်ပြီး ထပ်မံ စူးစိုက်ကြည့်နေမိပြန်သည် ။

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်

နာကျင်နေရသော နှလုံးသားအစုံ

ကင်းလွတ်နေသော အသိစိတ်တို့ဟာ သိပ်ကိုအထီးကျန်ဖို့ကောင်းသည် ။

အနားမှာ တစ်စုံတစ်ယောက်မှရှိမနေတော့တဲ့ ဒီလိုအခြေအနေမှာ အရမ်းအထီးကျန်မိသည် ။

သိပ်ကို သိမ်ငယ်နေရတဲ့ ဒီလိုအချိန်မှာ..

အကယ်၍ တစ်စုံတစ်ယောက်သာ ရှိနေခဲ့ရင်....

လက်ကောက်ဝတ်ပေါ်သို့ ထိုးစိုက်လာတဲ့ ပုလင်းကွဲကြောင့် နာကျင်ရပါသော်လည်း မရပ်တန့်ခဲ့ ။

ခပ်နက်နက်နေရာသို့ တဖြည်းဖြည်းစိုက်ဝင်လာသည်နှင့်အမျှ နာကျင်မှုဟာလဲ တစ်စတစ်စနှင့် ။

ဝဲတက်လာတဲ့ မျက်ရည်များကြောင့် မျက်စိကိုစုံမှိတ်၍ လက်ကို အားကုန်သုံးကာဆွဲချလိုက်သည် ။

မျက်ရည်များဟာ ပါးပြင်တလျှောက်စီးကျလာသလို

လက်ကောက်ဝတ်မှ နီနီရဲရဲသွေးများဟာလဲ အထိန်းအကွပ်မဲ့စွာ အများအပြားစီးကျလာခဲ့သည် ။

စိတ္တစဆန်လွန်းတဲ့ ဒီအခြေအနေတွင်

စီးကျလာတဲ့ သွေးများနဲ့အတူ စိတ်အစုံတို့ဟာလဲ လွတ်လပ်နေသယောင် ။

အမြင်အာရုံတို့ ဝေဝါးလာကာ ..

ရုတ်ချည်းခန္ဓာကိုယ်ဟာ အားမရှိတော့သလို ကြမ်းပြင်ထက်သို့ လဲကျသွားခဲ့သည် ။

မျက်လုံးများကို ဖွင့်ဖို့ အားယူနေရသလို အသက်ရှူရန်လဲတဖြည်းဖြည်းခက်ခဲလာခဲ့သည် ။

အသက်တစ်ခါရှုရှိုက်ရန် အရမ်းခက်ခဲလာတာကြောင့်

ခန္ဓာကိုယ်တစ်ခုလုံး တဆစ်ဆစ်နာကျင်၍ မွန်းကြပ်လာရသည် ။

မွန်းကြပ်စွာသော နာကျင်မှုတို့ကို အလူးအလဲခံစားနေရသည် ။

ဒါနောက်ဆုံးဘဲ ...ခဏဘဲ သည်းခံလိုက်

နောက်ဆို ဘယ်လိုနာကျင်မှုမျိုးကိုမှ ခံစားရတော့မှာ မဟုတ်လို့ ... ခဏဘဲ ...ခဏဘဲ သည်းခံလိုက်ပါ ။

နာကျင်မှုများ‌ကြောင့် မျက်ဝန်းထဲတွင် မျက်ရည်များပြည့်နှက်နေခဲ့ပြီး ဝေဝါးလာသော အမြင်အာရုံထဲတွင်မှ မရဲ့မျက်နှာလေးကို မြင်ယောင်လာမိသည် ။

မရဲ့မျက်နှာလေးဟာ အပြုံးချိုချိုလေးနဲ့ သိပ်ကိုလှပနေသည် ။

" အရမ်း ချစ်တယ် မ...."

ခပ်တိုးတိုးလေသံလေး အဆုံးတွင်တော့ အမှောင်ထုဟာ နေရာယူသွားခဲ့ပြီး မရဲ့မျက်နှာလေးဟာလဲ ပျောက်ကွယ်သွားခဲ့သည် ။

ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေဟာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမှာဘဲ တည်ရှိနေတဲ့အတွက် ရှင်သန်ချိန်တစ်လျှောက်လုံး ဝမ်းနည်းခြင်း အနည်းဆုံးနဲ့ ပျော်ရွှင်းခြင်းများနှင့်သာ ဘဝကို ဖြတ်သန်းလိုပါသည် ။

*************

အနည်းငယ်ဟနေသော အခန်းတံခါးကြားမှ မြင်နေရသော ပုံရိပ်လေးဟာ နှလုံးသားတစ်ခုလုံးကို ဆွဲစုပ်ထားသယောင် ....

ဆေးရုံခုတင်ထက်တွင် လဲလျောင်းနေသော မောင့်ရဲ့ပုံရိပ်လေးကိုကြည့်ကာ ဝမ်းနည်းစိတ်ကြောင့် မျက်ရည်များဟာ ကျဆင်းလာခဲ့ပြီး အပြစ်ရှိနေတဲ့စိတ်တို့ဟာ မောင့်ရဲ့အနားကို ကပ်ခွင့်မပေးဘဲ အခုလို အဝေးကနေသာ ကြည့်ခွင့်ပေးလေသည် ။

ဒီနေ့နဲ့ဆို မောင့်အနားမှာ နေခွင့်မရခဲ့တဲ့ အချိန်ဟာ တစ်ပတ်ပင်ပြည့်ခဲ့လေပြီ ။

မောင်ဟာ တကယ်ဘဲ ကျမတို့ကို အပြီးတိုင်ပစ်ထားခဲ့ပြီလား ။

မောင့်ဟာ သူ့ကိုအလိုရှိနေတဲ့လူတွေ ရှိမှန်းသိသိရက်နဲ့ တမင်ပင်ရက်စက်တော့မည်လား ။

မောင့်ကို တောင်းပန်ပြီး မောင့်ရဲ့ ခွင့်လွှတ်မှုကို တောင်းခံရအုံးမည် ဖြစ်သည့်အတွက် မောင်သေချာပေါက် သတိရလာဖို့ လိုအပ်နေသည် ။

အမှောင်အနည်းငယ် ကျနေသော အခန်းလေးဟာတိတ်ဆိတ်လျက်ရှိပြီ အေးစက်နေသည် ။

ပြတင်းပေါက်တွင် ကာရံထားသော လိုက်ကာစတို့ကို ဖယ်ရှားလိုက်ချိန် အလင်းရောင်တို့ဟာ အခန်းထဲသို့ အလုအယက်ပြေးဝင်လာကြသည် ။

လိုက်ကာစတို့ကို ချည်နှောင်လိုက်ပြီး အခန်းထဲသို့ဝေ့ဝိုက် ကြည့်လိုက်စဉ် အခန်းရဲ့ငြိမ်သက်နေခြင်းဟာ ဝမ်းနည်းခြင်းတို့ကို လက်ယက်ခေါ်နေသယောင် ရင်ဘတ်ထဲတွင် စူးအောင့်လာရသည် ။

ဒီအခန်းလေးဟာလဲ အခန်းပိုင်ရှင်နဲ့ ခွဲခွာနေရတာ တစ်ပတ်ပြည့်လေရောပေါ့ ။

မောင်က အခန်းတစ်ခုလုံးရဲ့ပစ္စည်းများကို ဖျက်ဆီးခဲ့သော်လည်း အခုတော့ ပစ္စည်းအသစ်များမှာ သူ့နေရာနှင့်သူ ။

မောင့်ရဲ့အခန်းလေးထဲ ဝေ့ဝိုက်လိုက်ကြည့်နေစဉ်

ခုတင်ခေါင်းရင်းထက်က ဓာတ်ပုံလေးဆီ အာရုံရောက်သွားခဲ့သည် ။

ခေါင်းရင်းထက်တွင် ထောင်ထားသော ဓာတ်ပုံလေးကို ဆွဲယူကြည့်လိုက်ပြီး မောင်အိပ်ခဲ့ဖူးသော အိပ်ယာထက်တွင် ထိုင်လိုက်သည်နှင့်တပြိုင်နက် မောင့်ရဲ့အငွေ့အသက်များကို ချက်ချင်းရလိုက်မိသည် ။

လွမ်းဆွတ်မှုနဲ့အတူ ဝမ်းနည်းခြင်းတို့ဟာ လှိုက်တက်လာခဲ့သည် ။

ဓာတ်ပုံထဲတွင် မောင်ဟာ ပါးချိုင့်လေးတွေ ပေါ်တဲ့အထိ ပြုံးနေခဲ့ပြီး ကျွန်မဟာလဲ မောင့်ကိုကြည့်ကာ အချိုသာဆုံးပြုံးနေမိသည် ။

ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်တွေကို တစ်ခုပြီးတစ်ခု  မြင်ယောင်လာမိပြီး မျက်ရည်တို့ဟာလဲ အထိန်းအချုပ်ကင်းမဲ့စွာ ကျဆင်းနေတော့သည် ။

" အရမ်းလွမ်းတယ် မောင်.... မောင့်ကို အရမ်းလွမ်းတယ် "

စာကားလုံးအချို့သာ ထွက်ကျလာပေမဲ့  စာဖွဲ့လို့မရ စာကားလုံးအဖြစ်ပြောင်းလဲလို့မရတဲ့ ခံစားချက်တို့ဟာ ရင်ဘတ်ထဲတွင် ပြည့်နှက်နေသည် ။

မျက်ရည်တို့ဟာ တစ်လျှောက်လုံးကျဆင်းနေခဲ့ပြီး ရင်ဘတ်ထဲတွင်လည်း စူးအောင့်အောင့်ဒဏ်ကို အလူးအလဲ ခံစားနေရသည် ။

မောင့်အပေါ်လုပ်ရက်လိုက်လေခြင်း ဆိုတဲ့ အပြစ်ရှိတဲ့စိတ်နှင့် နောင်တဆိုတဲ့ အရာတို့ကြောင့် ခံစားချက်တို့ဟာ အတောမသတ်နိုင်တော့ချေ ။

ဓာတ်ပုံလေးကို ရင်ဝယ်ပိုက်ပြီး ငိုကြွေးနေတဲ့ မိန်းကလေးရဲ့ ရင်ထဲတွင် နောင်တဆိုတဲ့ အရာဟာ တစ်သက်တာ ကိန်းအောင်းနေတော့မည် ။

အချိန်လွန်မှရတဲ့ နောင်တတွေအတွက် အခွင့်အရေးမရှိတော့သလို အတိတ်တွေကိုလဲ ပြန်သွားလို့မရတော့ချေ ။

**************

ဒေါက်! ဒေါက်!

" မမလေး... အောက်မှာ မမေမာန်ထက်ရောက်နေတယ် ... မမလေးနဲ့ တွေ့ချင်လို့တဲ့ "

တံခါးခေါက်သံကြောင့် ရုတ်တရက်လန့်နိုးလာခဲ့သည်..

မောင့်အခန်းထဲမှာ အိပ်ပျော်သွားခဲ့ဟန်တူ၏ ။

လက်ထဲတွင်ပိုက်ထားသော ဓာတ်ပုံလေးကို သူ့နေရာသူပြန်ထားခဲ့ပြီး အခန်းထဲမှ ထွက်လာခဲ့လိုက်သည် ။

"အဆင်ပြေရဲ့လား မမလေး"

အခန်းရှေ့တွင် ရပ်စောင့်ကာ မေးလာသော ကောင်းမြတ်ရဲ့ အမေးကို ပြုံးရုံသာပြုံးပြီး ခေါင်းတစ်ချက်ညိပ်ပြလိုက်ကာ  အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည် ။

ဧည့်ခန်းထဲတွင် ထိုင်စောင့်နေသော မေမာန်ထက်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ....

" တွေ့ချင်လို့ဆို ဘာကိစ္စရှိလို့လဲ "

မောင့်အခန်းထဲတွင်လည်း တစ်လျောက်လုံး အသံတိတ် ငိုထားခဲ့သော အရှိန်ကြောင့် စကားကို အခုမှစပြောလိုက်ချိန်တွင် လေသံတို့ဟာ မတည်မငြိမ်နှင့် ထွက်သွားခဲ့သည် ။

" တော်တော်ပင်ပန်းနေတယ် ထင်တယ် "

တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောထွက်လာတဲ့ မေမာန်ထက်ကို တစ်ချက်‌ကြည့်ကာ ပြုံးရုံသာပြုံးလိုက်သည် ။

အပြုံးတွေဟာ အသက်မပါတာတော့ မြင်ရတဲ့သူတိုင်း သတိထားမိမယ် ထင်ပါရဲ့ ။

" ဘာကိစ္စရှိလို့လဲ "

ကျမမျက်နှာကို မြင်ရင် ‌ဒေါသဘဲထွက်နေတဲ့ မေမာန်ထက်ဟာ သူ့ရှေ့မှာ ကျမကိုပေါ်မလာစေချင်သလို မောင့်အနားကိုလဲ ကပ်ခွင့်မပေး ။

အခွင့်အရေးရတဲ့ တစ်ကြိမ် နှစ်ကြိမ်လောက်သာ အခန်းတံခါးလေးကနေသာ ကြည့်ခွင့်ရခဲ့၏ ။

" ဒီဟာ ...."

စားပွဲပေါ်သို့ အဝါရောင်စာအိတ်လေးကို လှမ်းပေးလာခဲ့ပြီး ယူကြည့်ရန်မျက်စပြစ်ပြနေသဖြင့်

လှမ်းပေးလာသော စာအိတ်လေးကို ယူပြီး ဖွင့်ကြည့်လိုက်ချိန်

မျက်ခုံးနှစ်ဖက်ကို ကျုံ့ကာ စာရွက်ပေါ်က အချက်အလက်များကို အသေးစိတ် ဖတ်ကြည့်နေမိသည် ။

" ဒါတွေက ...."

အံ့ဩလွန်း၍ စကားတွေတောင် ‌ဆက်၍ပြောမထွက်တော့ချေ ။

မောင့်လက်မှတ်ထိုးထားတဲ့ စာရွက်လေးဟာ ကျွန်မရဲ့ စိတ်အစုံတို့ကို ဖမ်းစားထားသည် ။

" မောင်က သူပိုင်ဆိုင်သမျှအရာအာလုံးကို နင့်နာမည်နဲ့ဘဲ အားလုံးပြန်လွှဲပြောင်းထားတာ ...

အော်..

မောင်ပိုင်တဲ့ ပိုင်ဆိုင်မှုဆိုလို့ မောင်လုယူထားတာ ဘာတစ်ခုမှ မရှိဘူး နော်...

သုတထက်က ကြည်ကြည်ဖြူဖြုနဲ့ မောင့်ကို အားလုံး လွှဲပြောင်းပေးခဲ့တာ "

ကျွန်မ မသိသေးတဲ့ အဖြစ်အပျက်တွေများစွာ ရှိနေအုံးမည် ။

မောင်က ဘာလို့ ကျမကို ပိုင်ဆိုင်မှုတွေအားလုံး လွှဲပြောင်းပေးခဲ့လဲ မသိပေမဲ့ အခုချိန်မှာ ကျမစိတ်ထဲတွင် ဖြစ်ပေါ်နေသော အရာဟာ မောင့်အပေါ် စွပ်စွဲခဲ့မိတာတွေကိုသာ ပြန်မြင်ယောင်နေမိသည် ။

နောက်ဆုံးအချိန်ထိ မောင့်အပေါ်စွပ်စွဲခဲ့မိတာ ။

မောင်ဟာ သိပ်ကို ရိုးလွန်းတဲ့ လူတစ်ယောက်ပါ ။

" မောင့်ဆီကနေ နင်ကုမ္ပဏီ ရှယ်ယာတစ်ဝက်တောင်းတဲ့ အချိန်ကတည်းက မောင်ကသူရဲ့ ပိုင်ဆိုင်မှုအားလုံးကို နင့်ဆီ လွှဲပြောင်းပေးခဲ့တာ ...

နောက်ဆုံး သူ့အသက်အထိပေါ့ ..."

စာကားလုံးများဟာ မြှားတစ်စင်းပမာ ရင်ဘတ်ထဲတွင် စူးနစ်စွာခံစားလိုက်ရသည် ။

ခဏတာ ခြောက်သွေ့သွားသော မျက်ရည်တို့ဟာလဲ တဖန် ပါးပြင်ပေါ်သို့ စိုစွတ်ပူနွေးစွာ ကျဆင်းလာရသည် ။

ညှိုးငယ်နေသော မောင့်မျက်နှာလေး

မျက်ရည်အရွှဲသားနဲ့ တောင်းပန်နေတဲ့ မောင့်ပုံရိပ်လေးတွေ

ကျမဟာ မောင့်အပေါ်မှာ တကယ်ကို ရက်ရက်စက်စက်ပြုမူခဲ့မိသည် ။

ကျမရဲ့ အပြုအမူတွေတိုင်းက မောင့်ကိုနာကျင်စေခဲ့သည် ။

ကျမဟာ မောင့်အတွက် တကယ်ကို မကောင်းတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့သည် ။

" ဘာလို့လဲ.... ဘာလို့ အခုလိုတွေ လုပ်ခဲ့ရတာလဲ "

လက်ထဲတွင် ကိုင်ထားသော စာရွက်များကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းကို အတင်းကိုက်ကာ ရင်ထဲက ခံစားချက်တွေကြောင့် ကိုယ့်ကိုကိုယ် ချုပ်တည်းနေရသည် ။

ရှေ့တွင် အသံတိတ်ငိုကြွေးနေတဲ့ ဆူးခက်နွယ်ကိုကြည့်ကာ အနည်းငယ်သနားစိတ်ဝင်မိသော်လည်း

မောင့်ရဲ့ အပြုအမူတစ်ခုချင်းစီတိုင်းကို အလွတ်ရနေသည့်အတွက် ခွင့်လွှတ်မပေးနိုင်ချေ ။

သို့သော် သူမဟာ မောင်သိပ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့သည် ။

မနာလိုစရာကောင်းအောင် ငယ်ငယ်ကတည်းက မောင့်ရင်ထဲမှာ နေရာယူနေခဲ့သော အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့သည် ။

" မောင့်ကိုဘဲ ကြည့်ပေး ... အရာအားလုံးထက် မောင့်တစ်ယောက်တည်းကိုဘဲ ကြည့်ပေး ....

ထပ်ပြီးတောင်းဆိုတာ ဘာ‌တွေဘဲဖြစ်လာဖြစ်လာ မောင့်ဘက်မှာဘဲရပ်တည်ပြီး မောင့်ကို ယုံကြည်ပေးပါ "

လေးလေးနက်နက်တောင်းဆိုသံကို အဖြေပြန်ပေးမိသည်က ခေါင်းငြိမ့်ခြင်းနှင့်သာ ။

သို့သော်

ဒီအဖြေဟာ လေးနက်ကြောင်းကို ဖြေဆိုသူကာယံကံရှင် ကိုယ်တိုင်သာသိမည် ။

>>>>>

ရှိုက်ထုတ်လိုက်သော ဆေးလိပ်ငွေ့တို့ဟာ ပတ်ဝန်းကျင်ရှိ လေထုထဲတွင် ပျံ့နှံ့လွင့်ပြယ်သွား၏။

ထိန်ထိန်သာနေတဲ့ လမင်းကြီးဆီသို့ မျက်နှာအပ်ကာ

နာကျင်နေသော နှလုံးသားတစ်စုံနှင့်အတူ ရှုပ်ထွေးနေသော စိတ်အစုံတို့ကြောင့် ပါးပြင်ထက်သို့ မျက်ရည်တွေဟာ တဖန်စီးကျလာပြန်သည် ။

" စီးကရက်နံ့လေး စွဲနေတဲ့ မရဲ့နှုတ်ခမ်းက အရမ်းစွဲမက်ဖို့ကောင်းတယ် .."

နှုတ်ခမ်းပေါ်သို့ စီးကရက်လေးကို တင်လုဆဲဆဲ အချိန်တွင် ပြန်လည်ကြားယောင်လာမိသော စကားလုံးအချို့ ...

" မ ကျန်းမာရေးထိခိုက်မှာ မောင်ကစိတ်ပူလို့ "

ထပ်မံကြားယောင်လာသော စကားလုံးတချို့ကြောင့် ခပ်ယဲ့ယဲ့ပြုံးကာ စီးကရက်ကို ရှိုက်ဖွာလိုက်သည် ။

စီးကရက်ကို ခြေထောက်အောက်သို့ ပစ်ချလိုက်ပြီး နင်းခြေလိုက်ကာ လမင်းကြီးကို တစ်ချက်မော့ကြည့်လိုက်သည် ။

လမင်းကြီးဟာ အေးချမ်းစွာ ထိန်ထိန်သာနေသော်လည်း မြင်ရသူရဲ့ရင်ထဲတွင်တော့ ဆန့်ကျင်ဘက် ပူလောင်မွန်းကြပ်နေသည် ။

မောင့်ပုံစံ မောင့်အသံလေးတွေကို တစ်ခုချင်းစီ ပြန်အမှတ်ရနေမိပြီး စိတ်အစုံတို့ဟာ နာကျင်စွာမွန်းကြပ်လာရသည် ။

ဝရံတာကိုမှီကာ ထိုင်ချလိုက်ပြီး မွန်းကြပ်လွန်းလှတဲ့ ရင်ဘတ်ကို ထုရိုက်ကာ ခြောက်ကပ်စပြုနေပြီဖြစ်သော မျက်ရည်စတို့နှင့်အတူ

အသံတိတ်ငိုကြွေးရခြင်းသည် ရင်ဘတ်ထဲတွင် အောင့်သက်စွာ နာကျင်ရသည် ။

ဖိကိုက်ထားသော နှုတ်ခမ်းအစုံတို့ဟာလဲ ပေါက်လုဆဲဆဲပင် ။

" မောင်အရမ်းနာကျင်ခဲ့ရမှာ... မောင်သိပ်ကို နာကျင်ခဲ့ရမှာဘဲ ....

တောင်းပန်ပါတယ် မောင်ရယ် .. တောင်းပန်စကားဘဲ ပြောထွက်လို့ တောင်ပန်းပါတယ် "

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ခပ်တိုးတိုး ထွက်ပေါ်လာသော စကားသံတို့ဟာ နာကျင်မှုမြောက်မြားစွာနဲ့ ထွက်ပေါ်လာသော စကားသံသာဖြစ်သည် ။

ချစ်ခြင်းတရားဟာ အချစ်တစ်ခုနဲ့ မလုံလောက်မှန်း လောကကြီးဟာ သက်သေပြနေသည် ။

အချစ်တစ်ခုနဲ့ မလုံလောက်တဲ့ အခြေအနေတွေဟာ တကယ်ရှိလေသည် ။

ချစ်သော်လည်း ယုံကြည်မှုမရှိခြင်းကြောင့် ဝေးရတတ်သလို

နားလည်မှုမရှိခြင်းကြောင့်လဲ ဝေးရတတ်သည် ။

ချစ်လျက်နဲ့ဝေးရတဲ့ဒဏ်ဟာ အနာကျင်ဆုံးဖြစ်ကြောင်း ခံစားဖူးသူတိုင်းသိကြသည် ။

လူတစ်ယောက်ရဲ့ အရာရာကို နားလည်သည်းခံပြီး ချစ်တတ်တဲ့ အချိန်ရောက်မှသာ ထိုလူကို ချစ်တဲ့အကြောင်း ဖွင့်ပြောမည် ။

ဒီလိုမှမဟုတ်ရင် ထိုလူနှင့်အဝေးဆုံးမှာသာနေမည်။

အနည်းဆုံးတော့ ကိုယ်တစ်ယောက်တည်းသာ နာကျင်ရမည် ဖြစ်သည် ။

>>>>>>>>>>

" Companyကို ဦးစီးအုပ်ချုပ်သူ မရှိဘဲ ရေရှည်မှာ အဆင်ပြေမယ်လို့ ထင်လို့လား "

" အခုတောင် Company ထဲမှာ ဘယ်လောက် ဖရိုဖရဲဖြစ်နေတယ်ဆိုတာ မမြင်ကြဘူးလား "

" ဒီတိုင်းဘဲ လက်ပိုက်ကြည့်နေအုံးမှာလား တစ်ခုခုတော့ လုပ်မှအဆင်ပြေလိမ့်မယ် "

သုတ groupရဲ့ အစည်းအဝေးခန်းထဲမှာ ရှယ်ယာရှင်များ တစ်ယောက်တစ်ပေါက်နှင့် ဆူညံနေကြသည် ။

သုတထက်ကို ဖြုတ်ချချင်နေကြသော တချို့ရှယ်ယာဝင်များဟာလဲ အခွင့်အရေးကို လက်လွှတ်မခံဘဲ လူစားလဲဖို့ကို ထုတ်ပြောလာကြသည် ။

တချို့ကြတော့လဲ ရေရှည်အတွက်ကိုတွေးပြီး တစ်ခုခုလုပ်ရန် တင်ပြနေကြသည် ။

" အားလုံး ခဏလောက်တိတ်ပေးပါ "

ဆူညံနေသော အသံတို့ဟာ ဦးကောင်းသုတရဲ့ အသိပေးသံအောက်တွင် ငြိမ်သက်သွားကြသည် ။

သုတမောင်မရှိတဲ့ တစ်ပတ်အတွင်း company အခြေအနေဟာ ထင်ထားတာထက်ဆိုးရွားနေခဲ့သည် ။

သုတမောင် ဥက္ကဌဖြစ်လာတာကို မလိုလားကြတဲ့ ရှယ်ယာရှင်တချို့ကြောင့်သာ ......

" ဥက္ကဌ မရှိတော့တဲ့ တစ်ပတ်အတွင်းမှာ company ရဲ့အခြေအနေဟာ ယိမ်းယိုင်လာတာ အားလုံးလဲ သိကြမှာပါ ..."

" ဒီအခြေအနေကို ဒုတိယရှယ်ယာအများဆုံးဖြစ်တဲ့ ဦးကောင်းသုတအနေနဲ့ ဘယ်လိုများ ဖြေရှင်းပေးနိုင်မလဲ "

ဦးကောင်းသုတဟာ မေးခွန်းထုတ်လာတဲ့ ရှယ်ယာရှင်တစ်ယောက်ကို ကြည့်ကာ အသာပြုံးပြလိုက်သည် ။

" ကျနော့်အနေနဲ့ကတော့ ဘယ်လိုမှ မဖြေရှင်းပေးနိုင်ပါဘူး "

ဦးကာင်းသုတရဲ့ အဖြေကြောင့် ရှယ်ယာရှင်တွေဟာ တီးတိုးတီးတိုးနဲ့ ဖြစ်ကုန်ကြတော့သည် ။

" ဒါပေမဲ့ .... ဖြေရှင်းလို့ရပါတယ် "

" ဘယ်လိုများလဲ "

အစည်းအဝေးရဲ့ အခန်းတံခါးဟာ ပွင့်ဟလာခဲ့ပြီး ဦးကောင်းသုတအပါအဝင် အားလုံးရဲ့ အကြည့်ဟာ အခန်းတံခါးဆီသို့ .....

ပထမဆုံးဝင်လာသူဟာ သုတထက်ရဲ့ လူယုံလဲဖြစ် အတွင်းရေးမှူးလဲဖြစ်တဲ့ ကောင်းမြတ်ပင် ...

နောက်မှ ဝင်လာသောသူကြောင့် အားလုံးအံ့အားသင့်သွားရသည် ။

ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီ အရှည်ကိုသာ ရိုးရိုးတွဲဝတ်ထားသော မိန်းမတစ်ယောက်ဟာ ရိုးရှင်းသော်လည်း အရှိန်အဝါကြီးဟန်တူသည် ။

ခပ်မြင့်မြင့်စည်းထားသော ဆံပင်အနေအထားကြောင့် ထက်မြက်သော မိန်းမတစ်ယောက်သာ ဖြစ်လိမ့်မည် ။

ဘေးဘယ်တစ်ချက်မကြည့်ဘဲ ဦးတည်ရာအရပ်သို့ လျှောက်လှမ်းသွားပုံမှာ ယုံကြည်ချက်ကြီးမားသော သူတစ်ယောက်ပမာ ....

စားပွဲ၏ ထိပ်ဆုံးအလယ်နားတွင် ရပ်လိုက်ကာ သူမကိုလိုက်ကြည့်နေကြသော လူအများနှင့် မျက်နှာချင်းဆိုင်လိုက်သည် ။

အားလုံးရဲ့ အာရုံကို သူမဟာ အလုံးစုံဖမ်းစားထားသယောင် စိတ်ဝင်စားနေကြသည် ။

မျက်စောင်းထိုးဘယ်ဘက်တွင် ထိုင်နေသော ဦးကောင်းသုတကို ပြုံးပြလိုက်တော့ ဦးကောင်းသုတဟာ ခေါင်းငြိမ့်ပြလာခဲ့သည် ။

အနောက်တွင် ရပ်နေသော ကောင်းမြတ်ဆီက ဖိုင်တချို့ကိုတောင်းယူလိုက်ပြီး စားပွဲပေါ်သို့တင်ကာ ...

" အာလုံးဘဲ မင်္ဂလာပါ "

တိတ်ဆိတ်နေသော အခန်းထဲတွင် လေသံဟာ တည်ငြိမ်ပြတ်သားစွာ ထွက်ပေါ်လာခဲ့သည် ။

" ကျွန်မနာမည်က ဆူးခက်နွယ်ပါ ..... ဒီနေ့ကစပြီး ဒီ companyရဲ့ ဥက္ကဌနေရာမှာ အစားထိုးဝင်ပြီး တာဝန်ယူမဲ့သူပါ  "

အလိုမကျသော မျက်နှာတွေနဲ့ တဝါးဝါး ဆူညံတွေဟာ ထွက်ပေါ်လာခဲ့သည် ။

" ဥက္ကဌနေရာကို ဝင်ချင်တဲ့သူ ဝင်ခွင့်ရှိလို့လား ...

မင်းက ဘယ်သူလဲဆိုတာတောင် မသိရသေးဘဲ ငါတို့က မင်းကို ဥက္ကဌ အဖြစ်လက်ခံရမှာလား "

" အမျိုးသမီး တစ်ယောက်က company ကို ဦးစီးမယ်ဆိုတာ ဖြစ်နိုင်ရဲ့လား ... "

" ဘယ်သူဘယ်ဝါမှန်းမသိဘဲ ငါတို့က ကြည်ကြည်ဖြူဖြူ လက်ခံမယ်ထင်လို့လား "

မေးခွန်းပေါင်းမြောက်မြားစွာနဲ့ ကန့်ကွက်နေကြသော စကားသံတို့ကို အသာငြိမ်ပြီးနားထောင်နေလိုက်သည် ။

" ရှင်တို့ ပြောလို့ပြီးပြီလား ...

ရှင်တို့ပြောပြီးရင် ကျွန်မပြောရမဲ့ အလှည့်ဘဲ "

" ကျွန်မနာမည်က ဆူးခက်နွယ် .. ကျွန်မက သုတထက် တရားဝင် လက်ထပ်ယူထားတဲ့ မိန်းမတစ်ယောက် ..

အခု သုတထက် ဆေးရုံတက်နေရတဲ့ အတောအတွင်းမှာ အစားထိုးတာဝန်ယူမှာ ....

မိန်းမတစ်‌ယောက်က company ကိုဦးစီးမယ်ဆိုတာ ဖြစ်နိုင်ရဲ့လားဆိုတော့ မိန်းမလဲ လူဘဲလေ

လက်နှစ်ဖက် ခြေနှစ်ဖက်နဲ့ တွေးတောတတ်တဲ့ ဦးနှောက်ပါတာဘဲ......

ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာတော့ အချိန်တန်သိရမှာပေါ့ ... "

" မိန်းမတစ်ယောက် ဦးစီးမဲ့ companyနဲ့တော့ ဆက်ပြီး လက်တွဲ အလုပ်မလုပ်နိုင်ဘူး "

" သေချာပြီလားရှင့် "

" ငါက ပြောပြီးသားစကားကို မပြင်တတ်ဘူး "

"Okလေ... ကောင်းမြတ် ... သူရဲ့ ရှယ်ယာတွေအကုန်ပြန်ထုတ်ပေးလိုက် "

" ဟုတ်ကဲ့ မမလေး "

" ကျွန်မကလဲ ဘယ်သူ့ကိုမှမငဲ့တတ်ဘူး...

နောက်ထပ် ဘယ်သူများထွက်ချင်ကြသေးလဲ ... ရှိရင် တစ်ခါတည်းထွက်သွားနိုင်တယ် "

ခပ်ပြတ်ပြတ်စကားသံအောက်မှာ အားလုံးဟာငြိမသက်လျက် ။

ယခင် ဥက္ကဌလက်ထက်မှာ ရှယ်ယာရှင်တွေကို အရေးပေးလွန်းသဖြင့် ရှယ်ယာရှင်တွေဟာ သိပ်ကို ဇောင်းကြွလွန်းလှသည် ။

အရာရာကို သူတို့အလိုသာ လိုက်ရသည် ။

ယခုတွင်တော့ အခြေအနေတွေဟာ ပြောင်းပြန်သဖွယ် ။

မရှိလဲဖြစ်တယ်ဆိုတဲ့ အထာနဲ့ ခပ်ပြတ်ပြတ် မိန်းမတစ်ယောက်အောက်တွင် အားလုံးဟာ ငြိမ်ဝပ်ပိပြားလျက် ။

လူတွေဟာ လျှော့ပေးမှန်းသိလျှင် အကန်းတက်လွန်းသည် ။

" ဒီရုံးခန်းကိုဘဲ သုံချင်တယ်ဆိုလို့ ဦးလေးတို့က ဘာမှမပြင်ဆင်ဘဲ ဒီတိုင်ဘဲ ထားပေးတာ အဆင်ပြေရဲ့လား ..."

" ဟုတ်ကဲ့ ပြေပါတယ် ဦးလေး....

မောင့်ရဲ့ အငွေ့အသက်လေးတွေ ခံစားလို့ရတာပေါ့ "

" ဦးသမီး မေမာန်ထက်အစား ဦးကဘဲ တောင်းပန်ပါတယ်နော် ...

သမီးမေက သုတမောင်နဲ့ ပတ်သတ်ရင် အရမ်း sensitive ဖြစ်လွန်းတော့ သမီးအပေါ် ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြုမူခဲ့မိတာပါ "

" ရပါတယ် ... မေမာန်ထက်မမှားပါဘူး... သမီးကိုယ်တိုင်ကသာ အပြစ်ရှိနေတာပါ "

" အဲ့လိုကြီးလဲ မတွေးပါနဲ့ အရာရာက ကံစီမံရာပေါ့ "

ကံစီမံရာအတိုင်းသာဆို ကံကြမ္မာဟာ မောင့်အပေါ်မှာ သိပ်ကိုရက်စက်ပေးတာပေါ့ ။

မောင်ဘဲ ဝဋ်ကြွေးတွေကြီးနေသလား

ကံကြမ္မာကဘဲ မောင့်အပေါ်မှာ ဆိုးဝါးပေးနေသလား

သေချာတာကတော့ မောင်ဟာ လွတ်လွတ်လပ်လပ်ပျော်ရွှင်မှု မရခဲ့ဘူးဆိုတာဘဲ ။

မောင်ဟာ တိမ်လေးတွေကို ငေးကြည့်တတ်သလို

ငှက်လေးတွေ တွေ့ရင်လဲ ငေးကြည့်နေတတ် သေးသည် ။

သိပ်လှတဲ့ အပြုံးတွေရှိတဲ့ ကလေးတွေဟာ မပျော်ရွှင်ရတတ်ဘူးတဲ့ ။

မောင့်မှာလဲ သိပ်လှတဲ့ အပြုံးတွေရှိနေခဲ့တာ ....

##################