Chapter 13: Part.13

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 17740

" ကိုကို.... မောင် ဟိုအပေါ်ကအရုပ်လေး ယူချင်လို့ "

" ငါ့ကို ကိုကိုလို့မခေါ်နဲ့လို့ ပြောထားတယ် မဟုတ်ဘူးလား ... ငါက မင်းအစ်ကို မဟုတ်ဘူး ..

လိုချင်ရင် ကိုယ့်ဘာသာ တက်ယူ "

ဘာမှမသိတတ်သေးတဲ့ ၅နှစ်အရွယ်ကလေးဟာ သူ့အရပ်ထက် နှစ်ဆမြင့်တဲ့ စင်ပေါ်က အရုပ်လေးကို ခုံလေးခုကာ မမှီမကမ်းနဲ့လှမ်းယူတော့သည် ။

လိုချင်တာကိုသာ အာရုံစိုက်နေခဲ့ပြီး ခုံဟာတစ်ဖက်စောင်းပြီးလဲကျတော့ ဆွဲမိဆွဲရာဆွဲလိုက်မိတော့ ပန်းအိုးတစ်လုံးကို တိုက်မိကာ အတူအောက်ကျပြီး ကွဲကြေသွားတော့သည် ။

ကွဲကျသံတွေကြောင့် အခန်းထဲမှ မိန်းမကြီးတစ်ဦးထွက်လာခဲ့ပြီး ....

" အမလေး ကုန်ပါပြီ..ကုန်ပါပြီ .. သုတမောင် နင်ဘယ်လိုလုပ်လိုက်တာလဲ "

" မောင်က ဒီအရုပ်လေးလိုချင်လို့ တက်ယူတာပါ "

" နင်ကတော်တော်အသုံမကျတဲ့ ကလေးဘဲ ... ဒါလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာမသိဘူးလား "

၅နှစ်အရွယ်ကလေးရဲ့ဘေးမှာ ကွဲကျနေသော ဖန်ကွဲစများ ၊

ထိုကလေးကိုဆူငေါက်နေသော အမျိုးသမီးတစ်ဦး.

" နင်မမှီမကမ်းနဲ့ယူလို့ ဒီမှာငါ့ပန်းအိုးကျကွဲပြီလေ ..

ဒါဘယ်လောက်တန်တယ်ထင်လဲ "

ပုလင်းကွဲစတက်နင်းမိလို့ ရှပြီးသွေးရဲရဲထွက်နေသောခြေထောက်က ဒဏ်ရာကိုမမြင်တာဘဲလား မြင်ရဲ့သားနဲ့မမြင်ချင်ယောင်ဆောင်နေခဲ့သလား ..

ကိုယ့်သားသမီးအရေးထက် ပန်းအိုးကျကွဲမှုကိုဘဲ အရေးစိုက်တဲ့ အမေတစ်ယောက်ရဲ့ မေတ္တာ....

" နင်ကကောင်းကျိုးမပေးတဲ့ ကလေးဘဲ ... နင့်ကိုမွေးမိတာကိုက ငါမှားတာ ဘာတစ်ခုမှကို အသုံးမကျဘူး .... ဒေါ်တင် ဒီမှာသန့်ရှင်းရေးလာလုပ်လိုက်အုံး "

စိတ်ဆိုးမာန်ဆိုး လှည့်ထွက်သွားတဲ့ အမျိုးသမီးကြီးရဲ့ကျောပြင်ကို ကြည့်ရင်း

တစ်ဖန် သွေးထွက်နေသော ခြေထောင်ကဒဏ်ရာကိုကြည့်ရင်း ၅နှစ်အရွယ်ကလေးဟာ ဆို့နင့်စွာငို‌ကြွေး‌‌နေရသည် ။

" မောင်လေး ... အရမ်းနာနေလား "

" ဟုတ် နာတယ် ...အရမ်းနာတယ် "

သွေးရဲရဲထွက်နေတဲ့ ခြေထောက်ကို ထိုးပြပြီး အော်ငိုနေခဲ့သည် ။

" ကြီးကြီးဆေးထည့်ပေးမယ်နော် လာ ..လာ "

အငိုမတိတ်သေးတဲ့ ကလေးကို ဆေးထည့်ဖို့အတွက် ပွေ့ချီသွားလိုက်သည် ။

သူစိမ်းတစ်ယောက်က ပေးတဲ့ ဂရုစိုက်မှုတွေကလဲ နွေးထွေးရပါတယ် ။

********************

" ကြီးကြီး.... ကိုကိုတို့က ဘာလုပ်နေကြတာလဲ "

ပြတင်းပေါက်လေးကနေ ခြံထဲမှာ သူငယ်ချင်းတွေနဲ့မွေးနေ့ပွဲလုပ်နေတဲ့ အစ်ကိုဖြစ်သူကိုကြည့်ရင်း မေးလာတဲ့ မောင်လေးကို ဂရုဏာသက်မိသည် ။

အိမ်ကို ဧည့်သည်လာရင် အခန်းထဲမှာဘဲ သော့ပိတ်နေရတဲ့ မောင်လေးဟာ သိပ်သနားဖို့ကောင်းသည် ။

မိဘအရင်းတွေရှိရက်နဲ့ မိဘမေတ္တာငတ်နေခဲ့ရတာ ။

" အဲ့တာ မွေးနေ့ပွဲလုပ်‌နေကြတာလေ "

" မွေးနေ့ပွဲ ဆိုတာဘာကြီးလဲ ကြီးကြီး "

" မွေးနေ့ပွဲဆို ကိုယ်မွေးဖွားလာတဲ့နေ့လေ .. မောင်လေးမေမေက မောင်လေးကို မွေးပေးခဲ့တဲ့နေ့ပေါ့ "

" အဆို ... မောင့်မွေးနေ့က ဘယ်နေ့လဲ "

" မောင်လေးနဲ့ သုတက ၈မိနစ်ဘဲကွာပေမဲ့ ... တရက်ခြားသွားမှာပေါ့ .. ဒီနေ့က သုတမွေးနေ့ဆို မနက်ဖြန်ကမောင့်မွေးနေ့ "

" မနက်ဖြန် "

သွားတက်ကလေးတွေပေါ်တဲ့အထိ ရယ်နေတဲ့ ကလေးလေးဟာ သိပ်ကိုဖြူစင်လွန်းသလို စိတ်ဒဏ်ရာတွေလဲ များမယ်ဆိုတာ အသေ‌အချာ ။

>>>>>>>>>

" ဖေ ဖေ "

မျင်မှောင်ကြုတ်ကာ ကြည့်လာတဲ့အဖေဖြစ်သူကြောင့် ခေါင်းကိုသာငုံ့ထားမိတော့သည် ။

" ငါပြောထားတာကို မေ့နေပြီလား "

ဒေါသသံဖြင့် ဆိုလာသောကြောင့် ခေါင်းကိုသာမဖော်စတမ်း ငုံ့နေမိတော့သည် ။

" ဘာကိစ္စ ငါ့အခန်းထဲထိလာတာလဲ ... တစ်ယောက်ယောက်တွေ့သွားရင် ဘယ်လိုလုပ်မလဲ "

" ကိုကို့လိုမျိုး မောင့်ကိုလဲ မွေးနေ့ပွဲလေးလုပ်ပေးပါလား .. ကြီးကြီးကပြောတယ် ဒီနေ့က မောင့်မွေးနေ့တဲ့ "

" ဘာကွ !!

ဒေါ်တင်!! ...ဒေါ်တင် !! အခုချက်ချင်းအခန်းထဲကို လာစမ်း "

ရုတ်တရက်ထအော်လိုက်သော အသံကြောင့် ခန္ဓာကိုယ်လေးပါ တုန်တက်သွားပြီး ကြောက်ရွံနေခဲ့ရသည် ။

အဖေ့အသံကြောင့် ကြီးကြီးဟာ အခန်းထဲကိုချက်ချင်း ရောက်လာခဲ့သည် ။

" ဒီကလေးကို ဘာတွေလျှောက်ပြောထားတာလဲ ဟမ်!!! "

" ကျွန်မ ဘာမှမပြောထားပါဘူး "

ဒေါသထွက်နေတဲ့ သခင်ကြီးကြောက့် တုန်တုန်ရီရီနဲ့ဖြေမိသည် ။

မောင်လေးကို ကြည့်လိုက်တော့လဲ ကြောက်လန့်နေသယောင် ။

" ဘာမှမပြောထားရင် ဒီကလးက အခုမွေးနေ့ပွဲလုပ်ပေးဖို့ လာပြောပါ့မလား !!"

" အဲ့တာ... ကျွန်မ ဒီတိုင်းပြောလိုက်မိတာပါ "

" တောက်စ်!... နောက်တစ်ခါ ပါးစပ်လျှောက်မသရမ်းနဲ့ ကြားလား ....

နောက်ပြီး မင်း ... မင်းကမွေးမလာခဲ့တဲ့လူဘဲ အဲ့တာကြောင့် မင်းမှာ မွေးနေ့ဆိုတာလဲ မရှိဘူး ကြားလား "

သခင်ကြီးရဲ့ စကားကိုကြားလိုက်တော့ မောင်လေးဟာငိုလာခဲ့သည် ။

" ဒီက‌လေးကို ငါ့မျက်စိရှေ့က မြန်မြန်ခေါ်သွားစမ်း... အလကားဒေါသထွက်ရတယ် ... မွေးလာကတည်းက ဘာမှကိုကောင်းကျိုးမပေးဘူး "

သခင်ကြီးရဲ့ ရင့်ရင့်သီးသီးစကားတွေကို မောင်လေးမကြားစေလိုရန် အခန်းထဲက အမြန်ခေါ်ထွက်လာမိတော့သည် ။

မျက်ရည်အရွှဲသားနဲ့ နောက်ကလိုက်လာတဲ့ မောင်လေးရဲ့ စိတ်ဒဏ်ရာတွေဟာ အရွယ်နဲ့တောင် လိုက်ပါအုံးမလား "

##############

" ကြီးကြီး ဖေဖေတို့က ဘယ်သွားနေကြတာလဲဟင်...အိမ်ကိုလဲပြန်မလာကြဘူး "

သုတလေး၅နှစ်ပြည့်ရင် စံအိမ်တွင်လာနေရမည်ဆိုသော ဖိုးဖိုးကြီးရဲ့အမိန့်ကြောင့် သခင်ကြီးတို့မိသားစုသုံးယောက် ပြောင်းရွှေ့နေထိုင်သွားကြပြီဖြစ်သည် ။

အပယ်ခံအဖြစ် တမင်ချန်ထားခဲ့ခြင်းခံရသော မောင်လေးကတော့ သခင်ကြီးတို့ အိမ်မပြန်လာတာကို သတိတရ ရှိနေလေသည် ။

" သခင်ကြီးတို့က ခရီးရှည်ကြီးထွက်သွားကြတာ မောင်လေးရဲ့ .. ခရီးကရှည်တော့ အချိန်အကြာကြီး ပြန်မလာဖြစ်‌လောက်ဘူး ....

မောင်လေးက အိမ်မှာလိမ်လိမ်မာမာနေပြီး စောင့်နေရမယ်နော် "

" ဟုတ်ကြီးကြီး... မောင် လိမ်လိမ်မာမာနေပြီးစောင့်နေမယ် "

ဟန်ဆောင်ခြင်းကင်းမဲ့တဲ့ အပြုံးချိုချိုလေးကို လိမ်ညာခြင်းတွေနဲ့ လှည့်စားလိုက်ရတာဟာ တစ်လျှောက်လုံး လိပ်ပြာမလုံစွာ နေထိုင်ရမည်ဖြစ်သော်လည်း နာကျင်ရမဲ့အချိန်လျော့နည်းသွား စေလိုခြင်းသာဖြစ်သည် ။

****************

" အကိုလေးက ရှင်သန်ခဲ့ရတဲ့ တစ်လျှောက်လုံး တစ်ယောက်ထဲ အထီးကျန်စွာနဲ့နေလာခဲ့ရတာ ...ညဏ်ကောင်းလွန်းတဲ့ အကိုလေးက တခြားကလေးတွေလိုလဲ ကျောင်းတက်ခဲ့ရခြင်းလဲမရှိခဲ့ဘူး ...

သူ့ဘာသာ စာအုပ်တွေဖတ်ပြီးလေ့လာခဲ့လို့သာ ပညာမဲ့တစ်ယောက်လို မဖြစ်ခဲ့ရတာ "

စကားအရှည်ကြီးကို နားထောင်ပြီးတဲ့ အချိန်မှာတာ့ တချို့တစ်ဝက်ကို နားလည်သိခဲ့ရပေမဲ့ တစ်ဝက်ကတော့အခုထိ ပဟေဠိဆန်စွာ ရှိနေတုန်း ။

ကလေးရဲ့ အဖြစ်ဟာ သိပ်ကိုသနားဖို့ကောင်းလှသည် ။

နားထောင်ရတဲ့လူတောင် ရင်ထဲတဆစ်ဆစ်နဲ့ ဒီလောက်နာကျင်ပြီး သနားနေမိတာ ခံစားခဲ့ရတဲ့ ကလေးကိုယ်တိုင်ကရော ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲဆိုတာ တွေးကြည့်ရုံနဲတင် အသက်ရှူကြပ်ကာ ရင်ထဲမွန်းကြပ်လာရသည် ။

" မောင်က အရမ်းသနားဖို့ကောင်းတာဘဲ ...

အရမ်းနာကျင်ပြီး အရမ်းခံစားခဲ့ရမှာ ... ဒါတွေကိုမသိဘဲ ဆူးကပါ မောင့်ကို နာကျင်စရာတွေပေးခဲ့မိတာ "

" ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်ပါနဲ့ .. အရာရာက ကံစီမံရာအတိုင်းပေါ့ မမလေးရယ် "

ကံစီမံရာအတိုင်းဆိုပေမဲ့ ကလေးအပေါ်စီမံပေးတဲ့ ကံတရားဟာ အရမ်းရက်စက်လွန်းသည် ။

နာကျင်မှုတွေနဲ့ ပြည့်နေတဲ့ ကလေးကို ပျော်ရွှင်ခွင့်ရော ပေးခဲ့ပါရဲ့လား ။

" ဆူးမရှင်းတာရှိသေးတယ် ... မောင်က ဘာလို့ သုတထက်အဖြစ် ဟန်ဆောင်နေခဲ့ရတာလဲ .. သုတထက်ကရော ဘယ်ရောက်သွားတာလဲ "

" ဒီအကြောင်းတွေကိုတော့ အကိုလေးကိုယ်တိုင်သာ သိလိမ့်မယ် ... ကြီးကြီးတို့က အကိုလေးပြောတဲ့အတိုင်းသာ လိုက်နာရတာ ..

မမလေးသိချင်ရင် အကိုလေးကို မေးမှဘဲ သိရလိမ့်မယ် "

ရှုပ်ထွေးပါတယ် ဆိုတဲ့လောကကြီးထက် မောင့်ဘဝကပိုရှုပ်ထွေးသည် ။

ငယ်စဉ်ကတည်းက အပယ်ခံအဖြစ်နေခဲ့တဲ့ မောင့်ရဲ့အခုချိန်ထိ အသက်ရှင်နေထိုင်ရခဲ့တဲ့ အချိန်တွေဟာ ခက်ခဲသည်ထက် ပိုခက်ခဲခဲ့လိမ့်မည် ။

အချိန်လွန်မှ ရခဲ့တဲ့နောင်တတွေအတွက် ပြန်ပြင်ဆင်ခွင့်ရချင်သည် ။

နောင်တဆိုတာထက် ကလေးအပေါ်မှားခဲ့တဲ့ အမှားတွေကို လိပ်ပြာမလုံဖြစ်နေခဲ့တာဆို ပိုမှန်လိမ့်မည် ။

ပန်းလေးတစ်ပွင့် လှလှပပဆက်ပြီးရှင်သန်ရဖို့အတွက် ဂရုတစိုက်ပြုစုပျိုးထောင်ပေးမဲ့ ဥယျာဉ်မှူးတစ်ယောက်ကတော့ မရှိမဖြစ်လိုအပ်သည် ။

ကလေးဘဝလေး ရှေ့လျောက်ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရဖို့အတွက် မကဘဲ ဥယျာဉ်မှူးကြီးအဖြစ်နဲ့ အများကြီးဂရုစိုက်ပေးပြီး အများကြီးပျော်ရွှင်အောင်ထားပေးမယ် ။

ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရမဲ့

ကလေးဟာ ပျော်ရွှင်မှုနဲ့ထိုက်တန်ပါတယ် ။

###############