Chapter 4: အပိုင်း(၃)

ကိုကို့ကို[completed]Words: 15395

ထင်းပေါက်ရင်း လူသံကြားလို့လှည့်ကြည့်တော့ Bluetoothကိုင်ပြီးခြံစည်ရိုးက ဆန်ကွဲပန်းပင်တွေကြားကိုအတင်းတိုးလာတဲ့ အောင်တိုး။

''ဟေ့ကောင် လုပ်လှချည်လား အငှားသားခေါ်လေ နမို့ဆို တော်တော်နဲ့ဘယ်ပြီးမလဲ''

အနားကထင်းတုံးတစ်တုံးယူပြီး သရက်ပင်ရိပ်ထဲ၀င်ထိုင်သည်။

''ဘာသားတွေလဲ''

''မရမ်းသား''

''မာမှာပေါ့''

''အေး''

''မင်း စားပြီးတာလား''

''အေး ကိုကိုကညွတ်နဲ့ကြက်သားကြော်ထားတာ တွယ်ထည့်တာ ဗိုက်ကိုတင်းနေရော သရက်သီးငပိချက်ကလည်း ကောင်း''

''မင်းမကောင်းတာဘာရှိ သူ့အစ်ကိုများလုပ်ရင် ဘယ်ဟာဖြစ်ဖြစ် အကုန်ကောင်း''

မရမ်းတုံးရဲ့နောက်ဆုံးခွဲဖတ်ကြီးကို ခွမ်းကနဲခွဲချရင် ညီစေဦးကပြုံးသည်။ကိုကိုက ဟင်းချက်တာလည်းတော် စာသင်တာလည်းတော် အပြောလေးကလည်းချို စိတ်ကလေးကကောင်း ဘာမှကို ဟာကွက်မရှိတဲ့ အမျိုးကောင်းသားလေး။

''မင်း ကိုကို မိန်းမရလို့ကတော့--''

''ရစရာလား''

မကြိုက်မှန်းသိလို့လာစတဲ့ကောင်ကို ညီစေက စကားဆုံးအောင်တောင်ပြောခွင့်မပေး။

''ဟေ့ကောင် ယောက်ျားပါဆို အချိန်တန်မိန်းမရမှာပေါ့ မင်းရောမယူမှာကျ''

''ယူစရာလား''

''ဟာ''

''မင်းကို ငါအဲ့ကြောင်းလာ လာမပြောနဲ့လို့ဘယ်

နှခါပြောရမလဲ ထင်းစနဲ့လှမ်းပစ်လိုက်မယ်''

''ဟားဟား''

ညီစေလည်း ခဏနားဖို့အရိပ်အောက်၀င်ထိုင်သည်။အောင်တိုးလက်ထဲက Bluetoothကိုလှမ်းယူပြီး သူ့ဖုန်းနဲ့ ချိတ်သည်။

''ဘလူးတု ခနဲ့တဲ့ဆိုမှ ချိတ်မှာနော်''

''မင်းဘိုးအေကို ခနဲ့တဲ့ connectedပါကွာ''

''မသိဘူး ငါ့နားထဲ ဘလူးတု ခနဲ့တဲ့ကြားလို့''

အောင်တိုးက အင်္ဂလိပ်သံတွေကို ပေါက်ကရလျှောက်လျှောက်ပြောတတ်သည့် အကျင့်ရှိသည်။

''ငါမင်းကို မနက်အလုပ်ဆင်းဖို့လာပြောတာ

အန်တီခင်ရီက ထင်းစင်ပြင်ဆောက်ဖို့တဲ့''

''အေး ငါတို့၂ယောက်လား''

''ဟုတ်တယ်''

ညီစေ နားထောင်နေကျ ရေမွန်ရဲ့သီချင်းသံခပ်တိုးတိုးထွက်လာတော့ အောင်တိုးက အပျင်းကြောဆန့်ပြီး အကျယ်ကြီးသန်းသည်။

''ဝှားးးးး ဒီနေရာက ဆန်ကွဲပန်းနံ့လေးကလည်းမွှေး

အရိပ်ကလည်းကောင်း အိပ်ဖို့တောင်

ကောင်းသေး''

သရက်ပင်မှီပြီး အိပ်ကပ်ထဲကမြေပဲလှော်တွေ ထုတ်ဝါးနေသေးသည်။ဆိတ်ကြီး အခေါ်ခံရတာလည်းမပြောနဲ့လေ။ ပါးစပ်က အစားနဲ့ပြတ်တယ်လို့မှမရှိတာ ဒီကောင်က။

''ရေ အေးလား အိမ်ရှေ့ရေသွားသောက်အုံးမယ်''

''အိုးအသစ်၀ယ်ထားတာအေးတယ် မီးဖိုခန်းထဲကအိုးမှာသွားသောက် အိမ်ရှေ့မှာက ကလေးတွေစာသင်နေတယ် အာရုံသွားမနောက်နဲ့''

''စောက်ကြီးစောက်ကျယ်နဲ့ကွာ''

ပြောပြောဆိုဆိုနဲ့ ထသွားတော့လည်းလှစ်ခနဲ။

🎵'အုတ်တချပ်နဲ့ သဲတစ်ပွင့်နဲ့ဆောက်ခဲ့ပြီးမှ

အိပ်မက်တို့မဝေးတော့လို့ အားမလျှော့နဲ့

ဆက်လျှောက်မယ်

ဘေဘီ မင်းမျက်လုံးတို့အားဖျော့ခိုက်

ကိုယ့်ရဲ့ပုခုံးထက်မှေးစက်လိုက်'🎵

သီချင်းသံကတော့ ခပ်တိုးတိုးပျံ့နေဆဲ။ညီစေကသီချင်းဆို ခပ်တိုးတိုးပဲနားထောင်တတ်သည်။

ခဏနေတော့ အောင်တိုးက ဖန်ခွက်တစ်ခွက်ကိုင်ပြီးပြန်ရောက်လာသည်။

''ရော့ မင်း ကိုကိုက ညီ့ကိုပေးလိုက်ပါတဲ့''

''ဘာလဲ''

''သံပုရာရည်တဲ့''

ဖန်ခွက်ကိုလှမ်းယူတော့ အထိအတွေ့ကအေးအေးလေး။

''မင်း သောက်အုံး''

''မသောက်ပါဘူး သူများကိုကိုက ညီ့အတွက်ဆိုတော့ ငါလည်းမသောက်ရက်တော့ဘူး''

''မသောက်နေပေါ့''

ပြောပြောဆိုဆိုနဲ့ တစ်ခါတည်း မော့သောက်ချပစ်တော့ ညီစေ့ကိုအောင်တိုးက

''သီး သေနေအုံးမယ်''တဲ့။

''မင်း ငါမေးမယ် မေးမယ်နဲ့ မမေးဖြစ်တာ''

ဘာပေါက်ကရပြောအုံးမယ်မသိ။

''မင်းကိုကိုက တစ်နေ့တစ်နေ့ ဘာတွေစားလဲ''

''လုပ်လာပြီ ဘာစားရမလဲ ထမင်းပေါ့''

''ဘာများစားလို့ ဒီလောက် ချောနုနေတာလဲလို့''

''ကိုကိုက ကလေးကတည်းကချောတာ''

''ဒီလို ဖြူဖြူချောချောလေးကို ကြိတ်ကြိုက်နေတဲ့အပျိုတွေရှိမှာ သေချာတယ်''

အောင်တိုးအပြောကြောင့် မောင်ငယ်ကို ကျူရှင်လာပို့လာကြိုတိုင်း ကိုကိုနဲ့ စကားပြောရင်း ရင်နှီးဖို့ကြိုးစားနေပုံပေါက်တဲ့ သူနာပြုဆရာမ ခိုင်ဝေလွင့်ကို စိတ်ထဲတွေးမိပြီး ရင်ထဲဒိတ်ကနဲ။

''နားငြီးတယ် ဆိတ်ကြီး ပြန်မှာဆိုလည်းပြန်တော့''

''မပြန်သေးဘူးနေပူတယ်''

''---''

''မင်းလည်း မောင်လေး မောင်လေးဖြစ်နေတဲ့

မသီရိကို စဥ်းစားပေးလိုက်အုံး''

''လာပြန်ပြီ နောက်တစ်မျိုး''

''ဟုတ်တယ် မသီရိက မင်း ဘော်လီ စတက်ချာကို သဘောကျလို့တဲ့''

''မင်းမေကြီး ဘော်လီ''

''ဟားဟား''

''ငါ့တူမ ပိစိကဘာပြောတယ်မှတ်လဲ

လေးလေးကိုစေက ကုလားမင်းသားနဲ့တူတယ်တဲ့''

''တော်စမ်းကွာ ဟေ့ကောင် နားငြီးတယ်''

အောင်တိုးရောက်လာတာ နားငြီးပေမယ့်အပျင်းတော့ပြေသည်။ငယ်ပေါင်းဖြစ်လို့ အကြောင်းစုံသိတဲ့အောင်တိုးက သူ ကိုကို့ကိုအထိမခံမှန်းသိတော့ အမြဲ မခံချင်အောင်စတတ်သည်။ အိမ်ရှေ့မှာ ထင်းပေါက်ရင် ကိုကို့နား ရစ်သီရစ်သီလုပ်မိနေတာနဲ့ ပြီးမှာမဟုတ်လို့ ခြံထောင့်လာပေါက်နေခြင်းသာ။

သူများအိမ်အလုပ် လုပ်လည်း ညနေအလုပ်ဖြုတ်တာနဲ့ သူအိမ်ကိုသာတန်းပြန်ဖြစ်သည်။ ခြင်းဝိုင်းလည်းမ၀င်ဖြစ်သလို ထန်းရည်ဆိုင်လည်းမထိုင်ဖြစ်။ အိမ်ကပျာပြန်ပြီး ရေမိုးချိုးပြီးသန့်ရှင်းကြည်လင်နေတဲ့ မျက်နှာချောချောကို ကြည့်လိုက်ရမှ အမောပြေတတ်သည်။အလုပ်ကပြန်တာစောရင် ကိုကိုညစာအတွက် ပြင်ဆင်နေတာကိုတွေ့ရတတ်ပြီး အလုပ်နောက်ကျရင်တော့ ပဋ္ဌာန်းရွတ်နေတာလေးမြင်ရသည်။သူနောက်ကျရင် ကိုကိုကဘုရားရှိခိုးပြီးမှ သူနဲ့အတူညစာစားသည်။စောရင်တော့အတူတူညစာစားပြီးမှ ဘုရားရှိခိုးပဋ္ဌာန်းပူဇော်တတ်သည်။သူကတော့ အလုပ်ပင်ပန်းတာကြောင့် စောစောအိပ်ပျော်သွားတတ်ပြီး ကိုကိုကတော့ စာကြည့်ပြီးမှ အိပ်ယာ၀င်သည်။တစ်ခါတစ်လေ သူတရေးနိုးချိန် ကိုကိုက စာကြည့်စားပွဲလေးပေါ်မေးတင်ပြီး အိပ်ပျော်နေတတ်သည်။သူကအမြဲ ပွေ့ချီပြီး အိပ်ယာဆီခေါ်သွားပေးရသည်။

ကိုကို့ခန္ဓာကိုယ်လေးက ငယ်ငယ်ကသူခဏခဏ ကုန်းပိုးခဲ့တဲ့ ခန္ဓာကိုယ်လေးအတိုင်း ပေါ့ပေါ့ပါးပါးပါပဲ။တခါတခါ အိပ်ပျော်နေတာလေးကို ကြည့်ပြီး အသည်းယားရင်တော့ နားထင်စပ်ကလေးဖြစ်ဖြစ် ခေါင်းကလေးကို ဖြစ်ဖြစ် သူနမ်းဖြစ်သည်။

ငယ်ငယ်ကတည်းက ပွေ့ဖက်နမ်းရှုံ့နေကျပဲလေ။သူ့အိမ်ကို ကိုကို စရောက်ကတည်းက ကိုကို့ကိုသူ့မှာတွယ်တာခဲ့ရတာ။အမေတစ်ခုသားတစ်ခု သူတို့ဘ၀ထဲကို နေရှင်းမြတ်ကိုဆိုတဲ့ ၆နှစ်သားညှက်စိလေးက ပျော်ရွှင်စရာတွေ သယ်ဆောင်ပြီး၀င်လာခဲ့တာ။နာကျင်စရာတွေရှိခဲ့တဲ့ကလေးပေမယ့် ကိုကိုက တကယ်ကိုနည်းလမ်းမှန်မှန်ကြီးပြင်းရှင်သန်နိုင်တဲ့ထိ သိပ်တော်တဲ့သူပါ။ဖခင်က နိုင်ငံခြားအလုပ်သွားရင်း တခြားအမျိုးသမီးနဲ့ နောက်အိမ်ထောင်ကျသွားတဲ့အခိုက် မိခင်ဖြစ်သူက အမျိုးမျိုးသော လူ့လောကရဲ့ အပူတွေကို စွန့်ခွာသွားတော့မယ့်အချိန်

''သား ကိုကိုနဲ့နေချင်တယ်''ဆိုတဲ့ သူ့စကားတစ်ခွန်းကြောင့်လား၊သူငယ်ချင်းဖြစ်တဲ့ ကိုကို့မေမေကို နောက်ဆန်မတင်းဘဲ သာသနာ့ဘောင်၀င်စေချင်လို့လား မသိပေမယ့် ညီစေ့မေမေဟာ ကိုကို့ကိုမွေးစားဖို့ ရဲရဲတင်းတင်းဆုံးဖြတ်ချက်ချခဲ့သည်လေ။လောကထဲကနေ စောစောထွက်သွားခဲ့ပေမယ့် မေမေက သူတို့ညီအစ်ကိုအတွက် ဖခင်တာ၀န်ရော မိခင်တာ၀န်တာ ယူနိုင်ခဲ့တဲ့အာဂမိန်းမပါပဲ။

ကိုကိုစိုက်ပျိုးထားတဲ့ ဆန်ကွဲပန်းဖြူဖြူတွေက လေသုတ်တိုင်းမွှေးနေတော့သည်။

ဥယျာဥ်မှူးလေးကိုကိုကတော့ အိမ်ရှေ့မှာ အနာဂတ်ပန်းကလေးတွေ အစွမ်းကုန်ပွင့်လန်းဖို့ ရေလောင်းပေါင်းသင်နေလေရဲ့။

16/4/24

Myathandarnaing